၁၇ ဇူလိုင် ၂၀၂၆ | New Day Myanmar
ရန်ကုန်မြို့မှာ ဒီကနေ့ ဇူလိုင် ၁၇ ရက် စက်သုံးဆီဈေးနှုန်းတွေ ပြောင်းလဲခဲ့ပြီး ရိုးရိုးဒီဇယ်နဲ့ ပရီမီယံဒီဇယ်ဈေးတွေ မြင့်တက်လာသလို 92 နဲ့ 95 ဓာတ်ဆီဈေးတွေကတော့ အနည်းငယ်ကျဆင်းခဲ့ပါတယ်။
စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးတာကို ကြီးကြပ်တဲ့ ကော်မတီရဲ့ သတ်မှတ်ဈေးနှုန်းအရ ဒီကနေ့ ရန်ကုန်မြို့မှာ 92 ဓာတ်ဆီတလီတာကို ၃,၂၁၀ ကျပ်၊ 95 ဓာတ်ဆီတလီတာကို ၃,၂၈၅ ကျပ်၊ ရိုးရိုးဒီဇယ်တလီတာကို ၃,၁၇၅ ကျပ်နဲ့ ပရီမီယံဒီဇယ်တလီတာကို ၃,၈၉၅ ကျပ် သတ်မှတ်ထားပါတယ်။
ဇူလိုင် ၁၆ ရက်က ရန်ကုန်မြို့မှာ 92 ဓာတ်ဆီတလီတာကို ၃,၂၅၀ ကျပ်၊ 95 ဓာတ်ဆီတလီတာကို ၃,၃၁၀ ကျပ်၊ ရိုးရိုးဒီဇယ်တလီတာကို ၃,၀၉၅ ကျပ်နဲ့ ပရီမီယံဒီဇယ်တလီတာကို ၃,၇၉၀ ကျပ် ရှိခဲ့တာဖြစ်ပါတယ်။
ဈေးနှုန်းနှိုင်းယှဉ်ချက်အရ တရက်အတွင်း ရိုးရိုးဒီဇယ်တလီတာကို ၈၀ ကျပ်နဲ့ ပရီမီယံဒီဇယ်တလီတာကို ၁၀၅ ကျပ် အသီးသီးဈေးတက်လာပါတယ်။ 92 ဓာတ်ဆီတလီတာကတော့ ၄၀ ကျပ်နဲ့ 95 ဓာတ်ဆီတလီတာက ၂၅ ကျပ် အသီးသီးဈေးကျသွားပါတယ်။
ဓာတ်ဆီဈေးတွေ အနည်းငယ်ကျဆင်းလာပေမယ့် ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်တချို့မှာ 92 တမျိုးတည်းသာ ရောင်းချပေးတာနဲ့ တချို့ဆိုင်တွေမှာ 95 တမျိုးတည်းသာ ရောင်းချပေးတာတွေ ရှိနေဆဲဖြစ်ပါတယ်။
ဒါကြောင့် ယာဉ်ပိုင်ရှင်တွေဟာ မိမိတို့လိုအပ်တဲ့ စက်သုံးဆီအမျိုးအစားကို အလွယ်တကူဝယ်ယူနိုင်တာမရှိဘဲ ဆိုင်အများအပြားကို လိုက်လံရှာဖွေရတာနဲ့ တန်းစီစောင့်ဆိုင်းရတာတွေ ရှိနေတယ်လို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။
တဖက်မှာ စက်သုံးဆီဈေးနှုန်းတချို့ ကျဆင်းခဲ့ပေမယ့် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေနဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးစရိတ်တွေကတော့ လိုက်ပါကျဆင်းတာ မရှိသေးပါဘူး။
စက်သုံးဆီဈေးနှုန်း အတက်အကျတွေဟာ ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ နေ့စဉ်စားဝတ်နေရေးစရိတ်တွေအပေါ် တိုက်ရိုက်သက်ရောက်နေပေမယ့် စက်သုံးဆီဈေးကျချိန်မှာ ကုန်ဈေးနှုန်းတွေ ပြန်လည်ကျဆင်းတာ မရှိတာကြောင့် ပြည်သူတွေကတော့ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ဆက်လက်ခံစားနေရပါတယ်။


