၁၇ ဇူလိုင် ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံက ဂစ်တာဝါသနာရှင်တွေနဲ့ ဂစ်တာသမားတွေကြား လူသိများတဲ့ “ကိုပေါက် အခြေခံဂစ်တာတီးနည်း” စာအုပ်ကို ရေးသားထုတ်ဝေခဲ့သူ ဆရာကိုပေါက်ဟာ ဦးနှောက်သွေးကြောပေါက်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဆရာကိုပေါက်ဟာ ဇူလိုင် ၁၆ ရက် နေ့လယ် ၂ နာရီ ၃ မိနစ်ခန့်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
အစောပိုင်းမှာ ဆရာကိုပေါက်ဟာ ဦးနှောက်သွေးကြောပေါက်ပြီး သတိမရသေးတဲ့အခြေအနေနဲ့ ဆေးကုသမှုခံယူနေရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက အသိပေးထားခဲ့ပြီး နောက်ပိုင်းမှာ ကွယ်လွန်သွားကြောင်း အတည်ပြုခဲ့ပါတယ်။
ဆရာကိုပေါက် ရေးသားခဲ့တဲ့ “ကိုပေါက် အခြေခံဂစ်တာတီးနည်း” စာအုပ်ဟာ မြန်မာနိုင်ငံက ဂစ်တာဝါသနာရှင်တွေနဲ့ ဂစ်တာစတင်လေ့လာသူတွေအတွက် အခြေခံလေ့လာရေးစာအုပ်တအုပ်အဖြစ် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြတဲ့ စာအုပ်ဖြစ်ပါတယ်။
အဲဒီစာအုပ်ကနေ ဂစ်တာတီးခတ်နည်းကို လေ့လာခဲ့ကြသူ အများအပြားရှိခဲ့ပြီး ဂစ်တာသင်ကြားရေးနဲ့ မြန်မာဂီတလောကအတွင်း သူ့ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုထားကြပါတယ်။
ဆရာကိုပေါက် ကွယ်လွန်သွားတာနဲ့ပတ်သက်ပြီး ဂီတလောကသားတွေ၊ သူ့ရဲ့စာအုပ်တွေကို ဖတ်ရှုလေ့လာခဲ့ကြသူတွေနဲ့ ဂစ်တာဝါသနာရှင်တွေက ဝမ်းနည်းကြောင်းနဲ့ ကောင်းရာသုဂတိလားစေကြောင်း ဆုတောင်းမေတ္တာတွေ ပေးပို့ထားကြပါတယ်။


