၁၁ ဇူလိုင် ၂၀၂၆ | New Day Myanmar
မန္တလေး အိုးဘိုဗဟိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို ထောင်အာဏာပိုင်တွေက အတင်းအဓမ္မ သိမ်းယူရာကနေ အငြင်းပွားမှုဖြစ်ပွားပြီး နိုင်ငံရေးအကျဉ်းသား ၁၇ ဦးအထိ ရိုက်နှက်ခံခဲ့ရသလို ၃ ဦးကို တိုက်ပိတ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားနေတဲ့အဖွဲ့တွေဆီက သိရပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကတော့ ဖြစ်စဉ်ဟာ ဇူလိုင် ၂ ရက်မှာ ဖြစ်ပွားခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၅ ဦး ရိုက်နှက်ခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) ကတော့ ဇူလိုင် ၇ ရက်မှာ ဖြစ်ပွားခဲ့ပြီး ရိုက်နှက်ခံရသူ ၁၇ ဦးရှိတယ်လို့ ဖော်ပြထားတာကြောင့် ဖြစ်စဉ်ရက်စွဲနဲ့ အရေအတွက်မှာ ကွဲလွဲမှုရှိနေပါတယ်။
အကျဉ်းဦးစီးဝန်ထမ်းတွေက ရှာဖွေရေးလုပ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကိုယ်ပိုင်အိပ်ရာလိပ်တွေကို သိမ်းယူခဲ့ရာကနေ ဖြစ်စဉ်စတင်ခဲ့တာလို့ PPNM က ဆိုပါတယ်။ ထောင်တွင်းမှာ “ကစ်လိပ်” လို့ ခေါ်တဲ့ အဲဒီအိပ်ရာလိပ်တွေဟာ ထောင်ဝန်ထမ်းတွေကိုယ်တိုင် အကျဉ်းသားတွေဆီ ရောင်းချထားတဲ့ ပစ္စည်းတွေဖြစ်ပေမယ့် နောက်ပိုင်းမှာ ရှာဖွေရေးအကြောင်းပြပြီး ပြန်လည်သိမ်းယူခဲ့တာလို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေက ဘာကြောင့် သိမ်းယူတာလဲလို့ သွားရောက်မေးမြန်းချိန်မှာ ထောင်အာဏာပိုင်တွေက ဖြေရှင်းမပေးဘဲ နောက်တကြိမ် အိပ်ရာလိပ်မသုံးတော့ဘူးဆိုတဲ့ ခံဝန်လက်မှတ် ရေးထိုးဖို့ ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီခံဝန်ကို လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့တဲ့ မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုအောင်မျိုးကို (ခ) ကိုမျိုးကိုကို ထောင်ဝန်ထမ်းတွေက အဓိကပစ်မှတ်ထားပြီး ဒုတ်၊ လက်သီးတွေနဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့ PPNM က ထုတ်ပြန်ပါတယ်။
ကိုအောင်မျိုးကို ရိုက်နှက်ခံရမှုကို မေးမြန်းကန့်ကွက်ခဲ့တဲ့ ကိုကျော်ကြီးနဲ့ ကိုရှိန်ကြီးတို့လည်း ထပ်မံရိုက်နှက်ခံခဲ့ရပြီး နောက်ပိုင်းမှာ သူတို့ ၃ ဦးကို တိုက်ပိတ်ပြစ်ဒဏ်ပေးခဲ့တယ်လို့ သိရပါတယ်။ အခြားရာဇဝတ်အမှုနဲ့ အကျဉ်းကျနေသူတဦးအပါအဝင် စုစုပေါင်း ၄ ဦးကို တိုက်ပိတ်ထားတယ်လို့ PPNM က ဆိုထားပါတယ်။
မန္တလေးအခြေစိုက် တက်ကြွလှုပ်ရှားသူအဖွဲ့တခုကတော့ နိုင်ငံရေးအကျဉ်းသား ၃ ဦးကို ၉ လ တိုက်ပိတ်ပြစ်ဒဏ် ချမှတ်ထားပြီး ကျန်သူတွေကို အခန်းပြောင်းကာ ထောင်ကြပ်အနေအထားနဲ့ စောင့်ကြည့်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်ကို ဦးဆောင်ခဲ့သူဟာ စစ်တပ်ကနေ အကျဉ်းဦးစီးဌာနကို ပြောင်းရွှေ့လာတဲ့ ဦးစီးအရာရှိ သန်းမြတ်စိုးဖြစ်ပြီး ရာဇဝတ်အမှုနဲ့ အကျဉ်းကျနေသူတချို့ကိုပါ အသုံးချကာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ရိုက်နှက်ခဲ့တယ်လို့ PPNM က စွပ်စွဲထားပါတယ်။
ဖြစ်စဉ်မဖြစ်ခင် ရက်ပိုင်းက အိုးဘိုထောင်ပိုင် သိန်းဇော်မောင်က ထောင်တွင်းရိုက်နှက်မှု မရှိစေရဘူးလို့ ပြောထားပေမယ့် လက်အောက်ခံအရာရှိတွေရဲ့ ရိုက်နှက်မှုအပေါ် အရေးယူတာ မရှိဘူးလို့လည်း PPNM က ဝေဖန်ထားပါတယ်။
အဲဒီနေ့မှာပဲ အဆောင် ၄၊ အခန်း ၆ အတွင်း ရာဇဝတ်အမှုနဲ့ အကျဉ်းကျနေသူတချို့ဆီက မူးယစ်ဆေးပြားအထုပ်တွေ ဖမ်းဆီးရမိခဲ့ပေမယ့် သူတို့ကို ပြစ်ဒဏ်ပေးတာ မရှိဘဲ နိုင်ငံရေးအကျဉ်းသားတွေကိုသာ ရွေးချယ်ပစ်မှတ်ထားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရိုက်နှက်ခံရသူတချို့ ပြင်းထန်ဒဏ်ရာရထားပေမယ့် လုံလောက်တဲ့ ဆေးကုသခွင့်မရသလို ထောင်အတွင်း ဆေးဝါးမလုံလောက်မှုလည်း ရှိနေတာကြောင့် သူတို့ရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
အိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသားတဦးကတော့ ထောင်ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေထဲက မတရားမှုကို ရှေ့ထွက်ကန့်ကွက်သူတွေ၊ ပညာတတ်တွေနဲ့ လူသိများသူတွေကို ပိုမိုပစ်မှတ်ထား ဖိနှိပ်လေ့ရှိတယ်လို့ New Day Myanmar ကို ပြောပါတယ်။
“အုတ်ရိုးအတွင်းမှာ လုပ်ချင်တာလုပ်၊ ရိုက်ချင်တာရိုက်လို့ရတယ်ဆိုပြီး လုပ်နေကြတာပါ။ သူတို့လက်သုံးစကားက လူသေသွားရင် စာရွက်တရွက်ပဲလိုတယ်ဆိုတာမျိုး အကျဉ်းသားတွေကို အမြဲခြိမ်းခြောက်တယ်” လို့ သူက ပြောပါတယ်။
အိုးဘိုထောင်မှာ ယခင်ကလည်း နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်တာ၊ တိုက်ပိတ်တာ၊ နယ်ဝေးထောင်တွေကို ပြောင်းရွှေ့တာနဲ့ မိသားစုထောင်ဝင်စာပို့ခွင့် ကန့်သတ်တာတွေ ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ မိသားစုဝင်တွေက ပြောထားပါတယ်။
PPNM က တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့၊ ဒဏ်ရာရသူတွေကို လုံလောက်တဲ့ ဆေးကုသခွင့်ပေးဖို့နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက မြန်မာအကျဉ်းထောင်တွေအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပေးဖို့ တောင်းဆိုထားပါတယ်။


