၇ ဇူလိုင် ၂၀၂၆ | New Day Myanmar
မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်၊ လီပစ်ခရိုင်မှာ မြန်မာနိုင်ငံသား ၅ ဦး တင်ဆောင်လာတဲ့ BMW ကားတစီးဟာ ရဲတပ်ဖွဲ့စစ်ဆေးရေးဂိတ်မှာ ရပ်တန့်မပေးဘဲ မောင်းနှင်ထွက်ပြေးရာက လမ်းဘေးရေတိုင်ကီကို ဝင်တိုက်ခဲ့ပြီး ယာဉ်မောင်းနဲ့ မြန်မာနိုင်ငံသား ၅ ဦးလုံးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဖြစ်စဉ်ဟာ ဇူလိုင် ၆ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ လီပစ်-မီရာပိုလမ်း၊ Padang Tengku အနီးမှာ ဖြစ်ပွားခဲ့တာပါ။
အသက် ၄၅ နှစ်အရွယ် မလေးရှားနိုင်ငံသား ယာဉ်မောင်းဟာ ကီလန်တန်ပြည်နယ်ကနေ ကွာလာလမ်ပူမြို့ဆီ မြန်မာနိုင်ငံသား အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦး စုစုပေါင်း ၅ ဦးကို တင်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
ကားဟာ လီပစ်-မီရာပိုလမ်း မိုင်တိုင် ၂၈ အနီးက ရဲစစ်ဆေးရေးဂိတ်ကို ရောက်လာချိန်မှာ ရပ်တန့်စစ်ဆေးခံခြင်း မရှိဘဲ အရှိန်မြှင့်မောင်းနှင် ထွက်ပြေးခဲ့တယ်လို့ လီပစ်ခရိုင်ရဲတပ်ဖွဲ့မှူး Ismail Man က ပြောပါတယ်။
ရဲစစ်ဆေးရေးဂိတ်ကနေ ၅ ကီလိုမီတာခန့်အကွာ လမ်းမိုင်တိုင် ၂၃ အနီးမှာ ယာဉ်မောင်းက ကားကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ လမ်းဘေးစားသောက်ဆိုင်ရှေ့က ရေတိုင်ကီကို ဝင်တိုက်ခဲ့တာပါ။
ယာဉ်မောင်းနဲ့ မြန်မာအမျိုးသမီး ၂ ဦးကို အခင်းဖြစ်ပွားရာမှာ ဖမ်းဆီးရမိခဲ့ပေမယ့် မြန်မာအမျိုးသား ၂ ဦးနဲ့ အမျိုးသမီးတဦးကတော့ အနီးက ဆီအုန်းစိုက်ခင်းအတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။
ထွက်ပြေးသွားသူ ၃ ဦးကို ဇူလိုင် ၇ ရက် မနက် ၈ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ ယာဉ်တိုက်မှုဖြစ်ပွားတဲ့နေရာကနေ ၂ ကီလိုမီတာခန့်အကွာ ဆီအုန်းစိုက်ခင်းအတွင်း ပုန်းအောင်းနေစဉ် ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးခဲ့ပါတယ်။
ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းနဲ့ မြန်မာနိုင်ငံသား ၅ ဦးလုံး ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ယာဉ်မောင်းကို ဆီးစစ်ဆေးရာမှာ မက်သာဖက်တမင်း စိတ်ကြွမူးယစ်ဆေး သုံးစွဲထားတဲ့ ရလဒ်တွေ့ရှိခဲ့ပြီး တရားမဝင် ဝင်ရောက်လာသူတွေကို အခကြေးငွေနဲ့ ပို့ဆောင်ပေးနေသူဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က သံသယရှိထားပါတယ်။
ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၅ ဦးစလုံးမှာ မလေးရှားနိုင်ငံအတွင်း တရားဝင်ဝင်ရောက်နေထိုင်ခွင့် လက်မှတ်နဲ့ ခရီးသွားစာရွက်စာတမ်းတွေ မရှိဘူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ယာဉ်မောင်းကို မူးယစ်ဆေးသုံးစွဲမှု၊ မဆင်မခြင်မောင်းနှင်မှု၊ အစိုးရဝန်ထမ်းတာဝန်ထမ်းဆောင်မှုကို ဟန့်တားမှုနဲ့ တရားဝင်စာရွက်စာတမ်းမရှိသူတွေကို သယ်ယူပို့ဆောင်မှုတို့နဲ့ စစ်ဆေးနေပါတယ်။
မြန်မာနိုင်ငံသား ၅ ဦးကိုတော့ တရားဝင်ခွင့်ပြုချက် ဒါမှမဟုတ် နေထိုင်ခွင့်လက်မှတ်မရှိဘဲ မလေးရှားနိုင်ငံအတွင်း ဝင်ရောက်နေထိုင်မှုနဲ့ စစ်ဆေးနေတယ်လို့ သိရပါတယ်။


