Homeပြည်တွင်းသတင်းလစာကောင်းတဲ့အလုပ်နဲ့ လှည့်ဖြားခေါ်ဆောင်ကာ မြန်မာအမျိုးသမီးတွေကို လိင်ဝန်ဆောင်မှုလုပ်ခိုင်းခဲ့တဲ့ဂိုဏ်း ထိုင်ဝမ်မှာ ဖြိုခွင်း

လစာကောင်းတဲ့အလုပ်နဲ့ လှည့်ဖြားခေါ်ဆောင်ကာ မြန်မာအမျိုးသမီးတွေကို လိင်ဝန်ဆောင်မှုလုပ်ခိုင်းခဲ့တဲ့ဂိုဏ်း ထိုင်ဝမ်မှာ ဖြိုခွင်း

၅ ဇူလိုင် ၂၀၂၆ | New Day Myanmar

လစာကောင်းတဲ့အလုပ် ရရှိမယ်လို့ လူမှုကွန်ရက်ကနေ လှည့်ဖြားခေါ်ဆောင်ပြီး မြန်မာအမျိုးသမီးငယ်တွေကို ပိတ်လှောင်ကာ အတင်းအကျပ် လိင်ဝန်ဆောင်မှုလုပ်ငန်း ခိုင်းစေခဲ့တဲ့ နိုင်ငံဖြတ်ကျော်လူကုန်ကူးဂိုဏ်းတခုကို ထိုင်ဝမ်အာဏာပိုင်တွေက ဖော်ထုတ်ဖြိုခွင်းခဲ့ပါတယ်။

စစ်ဆင်ရေးအတွင်း အမှုနဲ့ဆက်နွှယ်တဲ့ သံသယရှိသူ ၁၈ ဦးကို ဖမ်းဆီးပြီး အတင်းအကျပ် လိင်လုပ်ငန်းခိုင်းစေခံနေရတဲ့ မြန်မာအမျိုးသမီး ၉ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ထိုင်ဝမ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

နယူးထိုင်ပေအစိုးရရှေ့နေရုံးရဲ့ ညွှန်ကြားချက်နဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန နယူးထိုင်ပေအထူးတပ်ဖွဲ့၊ စုံစမ်းစစ်ဆေးရေးဗျူရိုနဲ့ ဒေသအသီးသီးက ရဲတပ်ဖွဲ့ဝင်အင်အား ၁၃၀ ကျော်က ပြီးခဲ့တဲ့ မတ်လအတွင်း နေရာအများအပြားကို တပြိုင်နက် ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံသားတွေဖြစ်တဲ့ ရှဲ့နဲ့ ကိုး မျိုးရိုးအမည်ရှိသူတွေ ဦးဆောင်တဲ့ ဒီရာဇဝတ်ကွန်ရက်ကို စုံစမ်းစစ်ဆေးပြီးနောက် လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေ၊ စာရိတ္တပျက်ပြားမှုတားဆီးရေးဥပဒေနဲ့ ဂိုဏ်းဖွဲ့ရာဇဝတ်မှုတားဆီးရေးဥပဒေတို့နဲ့ စွဲချက်တင် တရားစွဲဆိုထားပါတယ်။

ဒီအမှု ပေါ်ပေါက်လာတာဟာ “ယွမ်ယွမ်” လို့ အမည်လွှဲပေးထားတဲ့ မြန်မာအမျိုးသမီးငယ်တဦး ရဲရင့်စွာ ထွက်ပြေးလွတ်မြောက်ပြီး အကူအညီတောင်းခံခဲ့တာကြောင့် ဖြစ်ပါတယ်။

ယွမ်ယွမ်ဟာ အစောင့်တွေ ပေါ့လျော့နေတဲ့ မနက်အစောပိုင်းမှာ ထွက်ပြေးပြီး လမ်းထောင့်က စတိုးဆိုင်တခုဆီ ရောက်ရှိခဲ့ပါတယ်။ အဲဒီအချိန် ဖြတ်သန်းလာတဲ့ ရဲလှည့်ကင်းကားကို တားဆီးကာ စောင့်ကြည့်ကင်မရာ မမြင်နိုင်တဲ့နေရာဆီ ရဲအရာရှိတွေကို ခေါ်သွားပြီး အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်ကို အခြေခံပြီး အာဏာပိုင်တွေက ကွင်းဆက်လိုက်လံစုံစမ်းရာက လူကုန်ကူးမှုနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကွန်ရက်တခုလုံးကို ဖော်ထုတ်နိုင်ခဲ့တာပါ။

စုံစမ်းချက်အရ ဒီဂိုဏ်းဟာ ၂၀၂၄ ခုနှစ်ကစပြီး မြန်မာနဲ့ ထိုင်းနိုင်ငံတို့မှာ လူမှုကွန်ရက်ကနေ “လစာကောင်းတဲ့အလုပ်” ရရှိမယ်ဆိုတဲ့ ကြော်ငြာအတုတွေ ဖြန့်ဝေကာ အမျိုးသမီးငယ်တွေကို ထိုင်ဝမ်နိုင်ငံဆီ လှည့်ဖြားခေါ်ဆောင်ခဲ့ပါတယ်။

အမျိုးသမီးတွေ ထိုင်ဝမ်နိုင်ငံကို ရောက်လာချိန်မှာ ဂိုဏ်းက လေယာဉ်လက်မှတ်ခနဲ့ ဗီဇာကြေးတွေ ကြိုတင်စိုက်ထုတ်ထားတယ်ဆိုပြီး ထိုင်ဝမ်ဒေါ်လာ ၁၁၀,၀၀၀ ကနေ ၁၈၀,၀၀၀ အထိ အကြွေးအတုတွေ သတ်မှတ်ကာ ထိန်းချုပ်ခဲ့ပါတယ်။

အမျိုးသမီးတွေကို နယူးထိုင်ပေမြို့၊ စန်းချုံဒေသက တိုက်ခန်းအများအပြားမှာ ပိတ်လှောင်ထားပြီး စောင့်ကြည့်ကင်မရာတွေနဲ့ နေ့ညမပြတ် စောင့်ကြည့်ခဲ့ပါတယ်။ တချို့အမျိုးသမီးတွေရဲ့ ကိုယ်ပေါ်မှာ နေရာခြေရာခံကိရိယာတွေ တပ်ဆင်ထားတာကြောင့် လွတ်လပ်စွာ သွားလာခွင့် လုံးဝမရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေရဲ့ ကိုယ်ရေးကိုယ်တာဗီဒီယိုတွေကို အွန်လိုင်းပေါ် ဖြန့်ဝေမယ်လို့ ခြိမ်းခြောက်တာ၊ မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုဝင်တွေကို ရန်ရှာမယ်လို့ ဖိအားပေးတာတွေ ပြုလုပ်ပြီး အတင်းအကျပ် လိင်ဝန်ဆောင်မှုလုပ်ငန်း ခိုင်းစေခဲ့ပါတယ်။

သားကောင်တွေ ရရှိတဲ့ ဝင်ငွေအားလုံးကိုလည်း ဂိုဏ်းဝင်တွေက သိမ်းယူခဲ့ပြီး အမျိုးသမီးတွေရဲ့ အခြေအနေဟာ ထိုင်ဝမ်နိုင်ငံအတွင်းက “KK Park” ပုံစံ အတင်းအကျပ်ခိုင်းစေမှုနဲ့ တူညီနေတယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက ဖော်ပြပါတယ်။

စီးနင်းရှာဖွေမှုအတွင်း အွန်လိုင်းကနေ ဖောက်သည်ရှာဖွေတဲ့ လုပ်ငန်းခန်းတခု၊ ဇိမ်ခံကားတစီး၊ ထိုင်ဝမ်ဒေါ်လာ ၉၀,၀၀၀ ကျော်၊ သေနတ်လို့ ယူဆရတဲ့ လက်နက် ၂ လက်၊ ဓားရှည် ၃ ချောင်း၊ ကွန်ပျူတာ ၆ လုံး၊ လက်ကိုင်ဖုန်း အလုံး ၈၀ ကျော်နဲ့ ငွေရေတွက်စက်၊ စာရင်းစာအုပ်၊ စောင့်ကြည့်ကင်မရာပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့ပါတယ်။

ကယ်တင်ထားတဲ့ မြန်မာအမျိုးသမီး ၉ ဦးကို ထိုင်ဝမ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက လုံခြုံစိတ်ချရတဲ့ ခိုလှုံရာနေရာတွေမှာ နေရာချပေးထားပြီး ဥပဒေဆိုင်ရာ အကူအညီ၊ ကျန်းမာရေးနဲ့ လူမှုဘဝပြန်လည်ထူထောင်ရေးဆိုင်ရာ စောင့်ရှောက်မှုတွေ ပေးအပ်ထားပါတယ်။

လူကုန်ကူးမှုဟာ လူ့အခွင့်အရေးကို အဆိုးရွားဆုံး ချိုးဖောက်တဲ့လုပ်ရပ်ဖြစ်တာကြောင့် “လုံးဝသည်းခံမှာ မဟုတ်ဘူး” ဆိုတဲ့ မူဝါဒနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေကို ဆက်လက်နှိမ်နင်းသွားမယ်လို့ ထိုင်ဝမ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ပြောပါတယ်။

ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေအနေနဲ့ “လစာကောင်းမယ်၊ လေယာဉ်လက်မှတ်အခမဲ့ပေးမယ်” ဆိုတဲ့ လူမှုကွန်ရက်ကြော်ငြာတွေကို မယုံကြည်ဘဲ တရားဝင်အလုပ်အကိုင်ရှာဖွေရေးလမ်းကြောင်းတွေကနေသာ သွားရောက်ကြဖို့လည်း ထိုင်ဝမ်အာဏာပိုင်တွေက သတိပေးထားပါတယ်။

Related News

Most Read