Homeပြည်တွင်းသတင်းရန်ကုန်မြို့ လူစည်ကားတဲ့နေရာတွေမှာ စစ်ကောင်စီတပ်များ ဖုန်းစစ် ၊ ငွေတောင်းနေ

ရန်ကုန်မြို့ လူစည်ကားတဲ့နေရာတွေမှာ စစ်ကောင်စီတပ်များ ဖုန်းစစ် ၊ ငွေတောင်းနေ

၁၃ ဇူလိုင်၊ ၂၀၂၄

ရန်ကုန်မြို့ပေါ်မှာ မြို့လယ်ခေါင်နဲ့ လူစည်ကားတဲ့နေရာတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပြည်သူတွေကို ဖုန်းယူစစ်တာ ၊ ငွေတောင်းခံတာ ၊ ဖမ်းဆီးရိုက်နှက်တာတွေ လုပ်နေကြတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်ရက်က ရန်ကုန်မြို့ ၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း လမ်းဆုံအနီးမှာ စစ်တပ်ရဲ့ လုံခြုံရေးဂိတ် အနီးမှာ ဖြတ်သန်းသွားလာသူတွေထဲက ယောကျာ်းလေးတွေကို ဖုန်းယူစစ်တာ ၊ ဖုန်းထဲ vpn နဲ့ တခြား တော်လှန်ရေးနဲ့ဆက်စပ်တာတွေ တွေ့ရင် ဖမ်းဆီးတာ ၊ ငွေတောင်းလို့ ကောင်းကောင်းမွန်မွန်မပေးရင် ရိုက်နှက်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

“အိမ်ကမောင်လေးကို မနက် ၁၀ နာရီဝန်းကျင်လောက်က မြေနီကုန်းမှာ ဖုန်းစစ်တယ်။ ပိုက်ဆံအိတ်ထဲက ပါသမျှလည်း ယူသွားတယ်။ မောင်လေးက ရုံးဝန်ထမ်းပါ။ မြေနီကုန်းနားက ရုံးတစ်ခုကိုအသွားမှာ စစ်ပြီး အကြောင်းမဲ့ ရိုက်ကြတာ။ အခု မောင်လေးက ဆေးကုနေရပါတယ်။ ရုံးကလည်း ခွင့်ပေးထားတယ်။ ညဘက်မိုးချုပ်တာလဲမဟုတ်ဘဲ လူမြင်ကွင်း မနက်ခင်းမှာ ငွေပေါ်တင်ညှစ်နေကြတာပါ”လို့ အရိုက်ခံရသူ တစ်ဦးရဲ့ မိသားစုဝင်က New Day Myanmar ကိုပြောပါတယ်။

“မြေနီကုန်းတစ်ခုထဲတော့မဟုတ်ဘူးဗျ ။ တခါတလေ ကားနဲ့ပတ်နေတာ စမ်းချောင်းထဲတို့ ၊ လှည်းတန်း နာနတ်တောလမ်းဘက်တို့ ဗဟိုလမ်းဘက် အင်းစိန်လမ်းဘက် ပြည်လမ်းဘက်တွေလည်း ပတ်တယ်။ ကြည့်မြင်တိုင်ဘက်လည်း ပတ်တယ်လို့ ကြားတယ်။ ကျွန်တော်ကတော့ ဖုန်းယူစစ်တာ vpn လဲ ဖျက် ထားတော့ ဘာမှ မဖြစ်လိုက်ဘူး။ vpn ပါတဲ့သူဆို ပေါ်တင်ငွေတောင်းတယ်။ သူတို့က ဖုန်းမပါဘူးဆိုလည်း ရိုက်တယ်။ ပြန်ခံပြောရင်လည်း ရိုက်တယ်။ ကျွန်တော့်ကို စစ်တုန်းက လှည်းတန်းဘက်ကိုသွားတဲ့ ဗဟိုလမ်းဘက်က လှည့်ကင်းကား ရပ်ပြီးစစ်တာပါ” လို့ လူငယ်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။

“ကမာရွတ်ဘက်မှာတော့ လမ်းမမှာ စစ်တာက ခနခနပဲ ။ ကားတားပြီးလဲ စစ်တယ်။ လမ်းပေါ်သွားလည်း စစ်တယ်။ စက်ဘီးသမားလည်း စစ်တယ်။ ကျွန်တော့်တုန်းက ဘာမှမလုပ်ဘဲ ခနလိုက်ခဲ့ဆို စခန်းခေါ်သွား တာ ဖုန်းပါသိမ်းထားတာ ၊ ညနေမှ အိမ်ကို ဖုန်းဆက်ခိုင်းပြီး အိမ်ကလိုက်ထုတ်ရတာ ။ ကျွန်တော်ဖြစ် တာက စစ်မှုထမ်းဥပဒေမထွက်ခင်က ၊ အခုဆိုရင် စစ်မှုထမ်းပါမယ်ဆိုတဲ့ ခံဝန်ပါထိုးရတယ်” လို့ ကမာရွတ်မြို့နယ်နေသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ လတွေက အင်းစိန်၊ မရမ်းကုန်း တဝိုက်မှာ စစ်ကောင်စီတပ်တွေ အစစ်အဆေးကြမ်းနေပြီး ဒီရက်ပိုင်းမှာတော့ စမ်းချောင်း၊ ကြည့်မြင်တိုင် ၊ ကမာရွတ်၊ အလုံမြို့နယ်တွေမှာ မကြာခဏဆိုသလို ဖြတ်သွားဖြတ်လာ ပြည်သူတွေထဲက စစ်မှုထမ်းရမယ့် အရွယ်တွေကို ပစ်မှတ်ထားစစ်နေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read