Homeပြည်တွင်းသတင်းမင်းအောင်လှိုင် တရုတ်ခရီးစဉ်မှာ မြေရှားသတ္တု နဲ့ CMEC စီမံကိန်းလုံခြုံရေး တရုတ်ဦးစားပေးဆွေးနွေးဖွယ်ရှိ

မင်းအောင်လှိုင် တရုတ်ခရီးစဉ်မှာ မြေရှားသတ္တု နဲ့ CMEC စီမံကိန်းလုံခြုံရေး တရုတ်ဦးစားပေးဆွေးနွေးဖွယ်ရှိ

၁၆ ဇွန် ၂၀၂၆ | New Day Myanmar

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်နဲ့ ပေကျင်းမြို့ကို ငါးရက်ကြာ နိုင်ငံတော်အဆင့် ခရီးစဉ် ရောက်ရှိနေချိန်မှာ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက မြေရှားသတ္တုထုတ်လုပ်ရေး၊ နယ်စပ်လုံခြုံရေးနဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ CMEC လုံခြုံရေးကိစ္စတွေကို အဓိက ဦးစားပေးဆွေးနွေးဖွယ်ရှိတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

Crisis Group မှ အကြီးတန်းအကြံပေး Richard Horsey က တရုတ်သမ္မတ ရှီကျင့်ဖျင်က မင်းအောင်လှိုင်ကို နိုင်ငံတော်အဆင့် ဧည့်ခံတာဟာ ပေကျင်းအနေနဲ့ မြန်မာအုပ်ချုပ်ရေးအသစ်ကို တရားဝင် မိတ်ဖက်တစ်ဦးအဖြစ် ဆက်ဆံဖို့ အသင့်ရှိနေကြောင်း ပြသတဲ့ အချက်ပြမှုတစ်ခုဖြစ်တယ်လို့ ပြောထားပါတယ်။

ဒါပေမဲ့ ထိုင်းအခြေစိုက် မြန်မာ့အရေးလေ့လာသူ David Mathieson ကတော့ တရုတ်နိုင်ငံရဲ့ အဓိကစိတ်ဝင်စားမှုဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှုထက် စီးပွားရေးနဲ့ မဟာဗျူဟာအကျိုးစီးပွားတွေ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

“တရုတ်ရဲ့ စိတ်ဝင်စားမှုက ဖက်ဒရယ်ဒီမိုကရေစီ မဟုတ်ဘူး။ မြေရှားသတ္တုတွေ၊ အခြေခံအဆောက်အအုံ စီမံကိန်းတွေ၊ သတ္တုတူးဖော်ရေးလုပ်ငန်းတွေနဲ့ အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်တဲ့ စီးပွားရေးစင်္ကြံ လုံခြုံရေးတွေ ဖြစ်တယ်” လို့ Mathieson က ပြောပါတယ်။

လက်ရှိမှာ ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေဟာ ကမ္ဘာ့မြေရှားသတ္တု ထောက်ပံ့ရေးကွင်းဆက်မှာ အရေးပါတဲ့ နေရာတစ်ခု ဖြစ်လာနေပြီး တရုတ်နိုင်ငံရဲ့ အဆင့်မြင့်နည်းပညာ၊ လျှပ်စစ်ကားနဲ့ ကာကွယ်ရေးစက်မှုလုပ်ငန်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကုန်ကြမ်းအရင်းအမြစ်အဖြစ် သတ်မှတ်ခံထားရပါတယ်။

Reuters ရဲ့ မေလကုန်ပိုင်း ဖော်ပြချက်အရ ကချင်ပြည်နယ်ဟာ ကမ္ဘာ့ heavy rare earth ထုတ်လုပ်မှုရဲ့ တစ်ဝက်ခန့်နဲ့ ဆက်စပ်နေတဲ့ အရေးပါတဲ့ဒေသတစ်ခုဖြစ်ပြီး အဲဒီသတ္တုတွေဟာ လျှပ်စစ်ကား၊ လေစွမ်းအင်တာဘိုင်နဲ့ အဆင့်မြင့်နည်းပညာပစ္စည်းထုတ်လုပ်ရေးမှာ အရေးကြီးတဲ့ ကုန်ကြမ်းတွေ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ မကြာသေးခင်က ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ စစ်ဆင်ရေးတွေ တိုးမြှင့်ခဲ့ပြီး အဲဒီထဲမှာ တရုတ်နယ်စပ်အနီး မြေရှားသတ္တုထွက်ရှိရာ ဒေသတွေနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်းမှုတွေ ပါဝင်တယ်လို့ Reuters က ဖော်ပြထားပါတယ်။

ဒါကြောင့် ပေကျင်းအစိုးရအနေနဲ့ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကို အသုံးချပြီး မြေရှားသတ္တုထုတ်လုပ်ရေးနဲ့ တရုတ်နိုင်ငံအတွက် မဟာဗျူဟာကျတဲ့ ကုန်ကြမ်းထောက်ပံ့ရေးလမ်းကြောင်းတွေကို လုံခြုံစွာ ဆက်လက်လည်ပတ်နိုင်ရေး ပိုမိုအာရုံစိုက်ဖွယ်ရှိတယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ CMEC ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ မြန်မာနိုင်ငံကမ်းရိုးတန်းအထိ ဆက်သွယ်ထားတဲ့ မဟာဗျူဟာမြောက် အခြေခံအဆောက်အအုံလမ်းကြောင်းတစ်ခုဖြစ်ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ၊ လမ်းပန်းဆက်သွယ်ရေးစီမံကိန်းတွေ ပါဝင်ပါတယ်။

အဲဒီစီမံကိန်းတွေဟာ တရုတ်နိုင်ငံအတွက် မလက္ကာရေလက်ကြားကို တစ်စိတ်တစ်ပိုင်း ရှောင်ကွင်းပြီး အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်ချိတ်ဆက်နိုင်မယ့် လမ်းကြောင်းအဖြစ် အရေးကြီးနေပါတယ်။

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်မှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တွေ၊ စစ်ဘက်အရာရှိတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်လိုက်ပါသွားတာကလည်း မြေရှားသတ္တု၊ နယ်စပ်ကုန်သွယ်ရေး၊ လုံခြုံရေးနဲ့ တရုတ်စီမံကိန်းကြီးတွေကို ဦးတည်ဆွေးနွေးနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေကို ပိုမိုအားကောင်းစေပါတယ်။

နိုင်ငံတကာမှာ အထီးကျန်နေတဲ့ စစ်အုပ်စုအတွက် တရုတ်ရဲ့ နိုင်ငံရေးအသိအမှတ်ပြုမှုနဲ့ စီးပွားရေးအထောက်အပံ့တွေ လိုအပ်နေချိန်မှာ တရုတ်ဘက်ကလည်း မြန်မာနိုင်ငံအတွင်းရှိ သူ့ရဲ့ စီမံကိန်းတွေ၊ မြေရှားသတ္တုထောက်ပံ့ရေးကွင်းဆက်နဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးကို ပိုမိုအာမခံနိုင်ဖို့ စစ်အုပ်စုနဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်နေတာလို့ အကဲခတ်တွေက ဆိုပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မင်းအောင်လှိုင်တို့ တွေ့ဆုံပြီးနောက် နှစ်နိုင်ငံအကြား သဘောတူညီချက် ၁၈ ခု လက်မှတ်ရေးထိုးခဲ့ပြီး အဲဒီသဘောတူညီချက်တွေဟာ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ ဘေးအန္တရာယ်ကူညီရေး၊ ကျန်းမာရေးနဲ့ မီဒီယာကဏ္ဍတွေ ပါဝင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

လေ့လာသူတွေကတော့ အခုခရီးစဉ်ဟာ မင်းအောင်လှိုင်အတွက် နိုင်ငံရေးအသိအမှတ်ပြုမှု ရရှိရေး အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်သလို တရုတ်အတွက်တော့ မြန်မာနိုင်ငံထဲက မြေရှားသတ္တု၊ စီးပွားရေးစင်္ကြံနဲ့ မဟာဗျူဟာစီမံကိန်းတွေကို ဆက်လက်ထိန်းချုပ်နိုင်ရေးအတွက် အရေးကြီးတဲ့ ခရီးစဉ်တစ်ခု ဖြစ်နေတယ်လို့ သုံးသပ်နေကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး