Homeပြည်တွင်းသတင်းမြန်မာ့စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို ကမ္ဘာ့ဘဏ် လျှော့ချ

မြန်မာ့စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို ကမ္ဘာ့ဘဏ် လျှော့ချ

၁၆ ဇွန် ၂၀၂၆ | New Day Myanmar

မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ လောင်စာဆီဈေးနှုန်းတက်မှုကြောင့် ပြည်တွင်းစစ်ဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးတိုးတက်မှုနှုန်း ယုတ်လျော့သွားတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ Myanmar Economic Monitor အစီရင်ခံစာအရ ၂၀၂၆ ခုနှစ် ဧပြီလမှာ စတင်ခဲ့တဲ့ ၂၀၂၆-၂၇ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံရဲ့ real GDP တိုးတက်မှု ခန့်မှန်းချက်ကို ၂ ရာခိုင်နှုန်းအထိ လျှော့ချထားပါတယ်။

အီရန်စစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်မှာ ထိခိုက်မှုတွေ မဖြစ်ပေါ်မီကတော့ ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေးတိုးတက်မှုကို ၃ ရာခိုင်နှုန်းအထိ ခန့်မှန်းထားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာတော့ မြန်မာနိုင်ငံရဲ့ real GDP ဟာ ၂ ရာခိုင်နှုန်း ကျုံ့သွားခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနခွဲညွှန်ကြားရေးမှူး Melinda Good က “မြန်မာ့စီးပွားရေးဟာ ကြီးမားတဲ့ ဖိအားအောက်မှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အစီရင်ခံစာအရ စွမ်းအင်ဈေးနှုန်း မြင့်တက်လာမှုဟာ သယ်ယူပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေး၊ ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရေးလုပ်ငန်းတွေမှာ ကုန်ကျစရိတ်တွေ မြင့်တက်စေပြီး စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေခဲ့ပါတယ်။

ထို့အပြင် လောင်စာဆီတင်သွင်းဖို့ နိုင်ငံခြားငွေလိုအပ်ချက်လည်းများပြားခဲ့တယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စွမ်းအင်အကျပ်အတည်း မဖြစ်ပေါ်မီကတည်းကလည်း ထုတ်လုပ်မှုပမာဏ၊ ရောင်းအားနဲ့ အမြတ်အစွန်းလို စီးပွားရေးညွှန်ကိန်းတွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်မီက အခြေအနေတွေနဲ့ ၂၀၂၅ ခုနှစ် မတ်လက ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်မတိုင်မီ အခြေအနေတွေထက် နိမ့်ကျနေဆဲ ဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေးအလားအလာအပေါ် ထိခိုက်စေနိုင်တဲ့ အန္တရာယ်အများထဲမှာ ပြည်တွင်းစစ်၊ ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ကွင်းဆက်တွေ အနှောင့်အယှက်ဖြစ်မှု၊ ပို့ကုန်ဝင်ငွေ လျော့ကျမှုနဲ့ စွမ်းအင်ဈေးနှုန်း မတည်ငြိမ်မှု စတဲ့ ပြည်တွင်း၊ ပြည်ပဖိအားတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေးအကျပ်အတည်းတွေထဲ ကျရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး