Homeပြည်တွင်းသတင်းမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တွေ့ဆုံပြီး သဘောတူညီချက် ၁၈ ခု လက်မှတ်ရေးထိုး

မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တွေ့ဆုံပြီး သဘောတူညီချက် ၁၈ ခု လက်မှတ်ရေးထိုး

၁၆ ဇွန် ၂၀၂၆ | New Day Myanmar

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဇွန်လ ၁၆ ရက်မှာ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် ၁၈ ခု လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်အုပ်စုဘက်က ထုတ်ပြန်ထားပါတယ်။

မင်းအောင်လှိုင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ ဇွန်လ ၁၅ ရက်ကနေ ၁၉ ရက်အထိ တရုတ်နိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်နေတာ ဖြစ်ပါတယ်။

ဇွန်လ ၁၆ ရက် မနက်ပိုင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က မင်းအောင်လှိုင်ကို ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပြီးနောက် နှစ်နိုင်ငံအရေး တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

စစ်အုပ်စုထုတ်ပြန်ချက်အရ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်တွေထဲမှာ လုံခြုံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နည်းပညာ၊ မီဒီယာကဏ္ဍနဲ့ အားကစားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်တယ်လို့ သိရပါတယ်။

အဲဒီထဲမှာ ငှက်ပျောသီး၊ ရေထွက်ပစ္စည်းနဲ့ တရုတ်တိုင်းရင်းဆေးဖက်ဝင် အပင်တွေ တင်ပို့ခွင့်ဆိုင်ရာ စီးပွားရေးသဘောတူညီချက်တွေ ပါဝင်သလို ရန်ကုန်မြို့ရှိ အောင်ဆန်းကွင်း ပြန်လည်တည်ဆောက်ရေးနဲ့ ဆက်စပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း ပါဝင်တယ်လို့ သိရပါတယ်။

တရုတ်အစိုးရဘက်ကတော့ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကို တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနက်ရှိုင်းစေမယ့် ခရီးစဉ်အဖြစ် ဖော်ပြထားပါတယ်။

စစ်အုပ်စုဘက်ကလည်း ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ခိုင်မာရေး၊ စီးပွားရေး၊ လုံခြုံရေးနဲ့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

လေ့လာသူတွေကတော့ နိုင်ငံတကာမှာ အထီးကျန်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်ရဲ့ သံတမန်ရေးအကာအကွယ်နဲ့ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ အကူအညီတွေကို ပိုမိုရယူနိုင်ဖို့ ကြိုးပမ်းနေတာလို့ သုံးသပ်နေကြပါတယ်။

တရုတ်ဘက်အနေနဲ့လည်း မြန်မာနိုင်ငံအတွင်းရှိ သူတို့ရဲ့ စီမံကိန်းတွေ လုံခြုံရေး၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ ဒေသတွင်း သြဇာလွှမ်းမိုးမှု တိုးမြှင့်ရေးအတွက် စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုခိုင်မာအောင် လုပ်ဆောင်လာတာလို့ အကဲခတ်တွေက ပြောပါတယ်။

အထူးသဖြင့် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကတဆင့် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ရရှိရေး၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းတွေ လုံခြုံပြီး အရှိန်မြှင့်ဆောင်ရွက်နိုင်ရေးကို အရေးကြီးစွာ သတ်မှတ်ထားတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

မင်းအောင်လှိုင်ဟာ အာဏာသိမ်းမှုနောက်ပိုင်း အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖယ်ကြဉ်ခံထားရမှုကနေ ရုန်းထွက်နိုင်ရေး ကြိုးပမ်းနေချိန်မှာ အိန္ဒိယခရီးစဉ်အပြီး မကြာခင် တရုတ်နိုင်ငံကို ထပ်မံသွားရောက်ခဲ့တာ ဖြစ်ပါတယ်။

အခုခရီးစဉ်မှာ မင်းအောင်လှိုင်နဲ့အတူ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တွေ၊ စစ်ဘက်အရာရှိတွေ၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ လိုက်ပါသွားတာကြောင့် နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေဟာ ဆွေးနွေးမှုရဲ့ အဓိကအချက်တွေ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမှုအပြင် မင်းအောင်လှိုင်ဟာ ခရီးစဉ်အတွင်း တရုတ်ဝန်ကြီးချုပ် လီချန်၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျီတို့နဲ့လည်း သီးခြားတွေ့ဆုံဖို့ရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အခု သဘောတူညီချက် ၁၈ ခုဟာ စစ်အုပ်စုရဲ့ နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရေး ကြိုးပမ်းမှုနဲ့ တရုတ်ရဲ့ မြန်မာနိုင်ငံအတွင်း မဟာဗျူဟာအကျိုးစီးပွား ကာကွယ်ရေးတို့ ပိုမိုနီးကပ်လာတဲ့ လက္ခဏာတစ်ရပ်အဖြစ် အကဲခတ်တွေက ရှုမြင်နေကြပါတယ်။

တစ်ချိန်တည်းမှာပဲ တရုတ်အနေနဲ့ စစ်အုပ်စုရဲ့ တည်မြဲရေးအတွက် ဘယ်လောက်အထိ အာမခံချက်ပေးမလဲ၊ မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခတွေနဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး