၁၅ ဇွန် ၂၀၂၆ | New Day Myanmar
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို ဇွန်လ ၁၅ ရက်ကနေ ၁၉ ရက်အထိ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ စစ်အုပ်စုဘက်က ထုတ်ပြန်ထားပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ ၁၅ ရက် မနက်ပိုင်းက နေပြည်တော် တပ်မတော်လေဆိပ်ကနေ အထူးလေယာဉ်နဲ့ တရုတ်နိုင်ငံကို ထွက်ခွာသွားတာ ဖြစ်ပါတယ်။
စစ်အုပ်စုထုတ်ပြန်ချက်အရ ခရီးစဉ်မှာ မင်းအောင်လှိုင်နဲ့အတူ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ၊ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဒေါက်တာ ကံဇော်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်၊ စက်မှုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ စစ်ဘက်အရာရှိတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေလည်း လိုက်ပါသွားတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန်ကတော့ ခရီးစဉ်အတွင်း မင်းအောင်လှိုင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျီတို့နဲ့လည်း သီးခြားတွေ့ဆုံသွားမယ်လို့ ပြောထားပါတယ်။
စစ်အုပ်စုဘက်ကတော့ ခရီးစဉ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ပိုမိုခိုင်မာရေး၊ စီးပွားရေး၊ လုံခြုံရေးနဲ့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီအပြင် မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံမှာ စီးပွားရေးကွန်ဖရင့်တစ်ခု တက်ရောက်ဖို့ရှိပြီး အဆင့်မြင့်နည်းပညာသုံး စက်မှုလုပ်ငန်းတွေကိုလည်း သွားရောက်လေ့လာမယ်လို့ သိရပါတယ်။
တရုတ်ဘက်ကတော့ ဒီခရီးစဉ်ကို တရုတ်-မြန်မာ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနက်ရှိုင်းစေမယ့် ခရီးစဉ်တစ်ခုအဖြစ် ဖော်ပြထားပါတယ်။
မင်းအောင်လှိုင်ဟာ စစ်တပ်က ထိန်းချုပ်ထားတဲ့ အုပ်ချုပ်ရေးအပြောင်းအလဲအပြီး “သမ္မတ” အဖြစ် ဖော်ပြခံရပြီးနောက် တရုတ်ကို ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် သွားရောက်မယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် လက်တွေ့မှာတော့ ဇွန်လအစောပိုင်းက အိန္ဒိယကို အရင်ဆုံး သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
အခု တရုတ်ခရီးစဉ်မှာတော့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ နယ်စပ်လုံခြုံရေးကိစ္စတွေ၊ နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေရှိနေတဲ့ ဒေသတွင်းစီမံကိန်းတွေကို အဓိကထား ဆွေးနွေးနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
အထူးသဖြင့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အပါအဝင် တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ မဟာဗျူဟာဆိုင်ရာ အကျိုးစီးပွားတွေ ဆက်စပ်နေတဲ့ ဒေသတွေမှာ လက်ရှိ စစ်ရေး၊ လုံခြုံရေးအခြေအနေတွေကြောင့် ဒီခရီးစဉ်ကို နိုင်ငံတကာကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။
မင်းအောင်လှိုင်ဟာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်ကနေ စက်တင်ဘာ ၆ ရက်အထိ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးနဲ့ ပေကျင်းမြို့မှာ ကျင်းပတဲ့ ဒုတိယကမ္ဘာစစ်အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အခမ်းအနားတွေကိုလည်း တက်ရောက်ခဲ့ဖူးပါတယ်။
အခုခရီးစဉ်ဟာ မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခတွေ ဆက်လက်ပြင်းထန်နေချိန်၊ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ လုံခြုံရေးစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ပေါ်ပေါက်လာတာဖြစ်လို့ ဘယ်လိုသဘောတူညီချက်တွေ ထွက်ပေါ်လာမလဲဆိုတာ စောင့်ကြည့်စရာ ဖြစ်နေပါတယ်။


