၁၁ ဇွန် ၂၀၂၆ | New Day Myanmar
အီရန်နဲ့ အမေရိကန်တို့ကြား အပစ်ရပ်သဘောတူညီမှုကို တရားဝင်ဖျက်သိမ်းကြောင်း မကြေညာသေးပေမယ့် နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှုတွေကတော့ တဖြည်းဖြည်း မြင့်တက်လာနေပြီး အပြန်အလှန် တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။
အမေရိကန် စစ်ရေးဗဟိုကွပ်ကဲမှုဌာန (CENTCOM) က ဇွန်လ ၁၀ ရက်နေ့မှာ အီရန်နိုင်ငံအတွင်းရှိ စစ်ရေးပစ်မှတ်တွေကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးအတွက် ရည်ရွယ်ပြီး နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီမတိုင်ခင် ဇွန်လ ၈ ရက်နေ့က ဟော်မုဇ်ရေလက်ကြားအနီး ကင်းလှည့်ပျံသန်းနေတဲ့ အမေရိကန်တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးဟာ အီရန်ဒရုန်း ထိမှန်ပျက်ကျခဲ့တယ်လို့ အမေရိကန်ဘက်က စွပ်စွဲခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နောက်ပိုင်း နှစ်နိုင်ငံကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ဇွန်လ ၉ ရက်နေ့မှာတော့ အမေရိကန်က အီရန်ရဲ့ လေကြောင်းကာကွယ်ရေးစခန်းတွေနဲ့ ရေဒါစနစ်တွေကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး အီရန်ဘက်ကလည်း ဘာရိန်းနဲ့ ကူဝိတ်နိုင်ငံတွေမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို ဒုံးကျည်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။
အဲဒီအပြန်အလှန်တိုက်ခိုက်မှုတွေဟာ ဇွန်လ ၁၀ ရက်နေ့မှာလည်း ဆက်လက်ဖြစ်ပွားနေခဲ့ပြီး အီရန်တောင်ပိုင်း၊ အထူးသဖြင့် ဟော်မုဇ်ရေလက်ကြားတဝိုက်မှာ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားနေရတယ်လို့ ဒေသခံသတင်းတွေက ဖော်ပြထားပါတယ်။
အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ကလည်း ဟော်မုဇ်ရေလက်ကြားတဝိုက်မှာရှိတဲ့ သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ရေနံတင်သင်္ဘောနှစ်စီး ထိခိုက်ခဲ့တယ်လို့ အီရန်အစိုးရမီဒီယာတွေက ဖော်ပြထားပေမယ့် သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။
ဧပြီလ ၈ ရက်နေ့မှာ ရရှိထားခဲ့တဲ့ အပစ်ရပ်သဘောတူညီချက်ဟာ အခုလို ဘက်နှစ်ဖက် အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် ပိုမိုယိုင်နဲ့လာနေတယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။
တစ်ဖက်မှာတော့ နှစ်နိုင်ငံဟာ စစ်ရေးတင်းမာမှုတွေကြားကပဲ သံတမန်ရေးဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေကြပါတယ်။ ဇွန်လ ၁၀ ရက်နေ့ မတိုင်ခင်မှာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်အနေနဲ့ သဘောတူညီချက်တစ်ခု ရရှိရေးအတွက် အချိန်ဆွဲနေတယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အမေရိကန်ဘက်ဟာ ဆွေးနွေးမှုတွေမှာ သဘောထားအမျိုးမျိုး ပြောင်းလဲပြောဆိုနေပြီး သံတမန်ရေးကြိုးပမ်းမှုတွေကို အနှောင့်အယှက်ဖြစ်စေခဲ့တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
အီရန်သမ္မတ မာဆွတ် ပက်ဇက်ရှ်ကီယန်ကလည်း အီရန်နိုင်ငံဟာ မည်သည့်ဖိအားနဲ့ ခြိမ်းခြောက်မှုမျိုးကိုမဆို ကြံ့ကြံ့ခံရင်ဆိုင်သွားမယ်လို့ ပြောကြားထားပါတယ်။
လက်ရှိအချိန်ထိတော့ အီရန်နဲ့ အမေရိကန်တို့ကြား တင်းပြည့်ကျပ်ပြည့် စစ်ပွဲအဆင့်အထိ မရောက်သေးပေမယ့် အပြန်အလှန်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေခြင်းက ဒေသတွင်းလုံခြုံရေးနဲ့ ကမ္ဘာ့စွမ်းအင်ဈေးကွက်အပေါ် စိုးရိမ်မှုတွေ ပိုမိုမြင့်တက်လာစေပါတယ်။


