Homeအထူးသတင်းအမေရိကန်-အစ္စရေးနှင့် အီရန်စစ်ပွဲ ရက် ၁၀၀ ပြည့်၊ အမေရိကန်ပြည်သူများ ဈေးနှုန်းမြင့်တက်မှုဒဏ် ရင်ဆိုင်နေရ

အမေရိကန်-အစ္စရေးနှင့် အီရန်စစ်ပွဲ ရက် ၁၀၀ ပြည့်၊ အမေရိကန်ပြည်သူများ ဈေးနှုန်းမြင့်တက်မှုဒဏ် ရင်ဆိုင်နေရ

၈ ဇွန် ၂၀၂၆ | New Day Myanmar

အမေရိကန်-အစ္စရေး ညွန့်ပေါင်းအဖွဲ့နဲ့ အီရန်တို့အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ရက်ပေါင်း ၁၀၀ ပြည့်မြောက်လာခဲ့ပြီး စစ်ပွဲရဲ့ အကျိုးဆက်အဖြစ် အမေရိကန်ပြည်သူတွေဟာ ဓာတ်ဆီနဲ့ စားသောက်ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်ကို အပြင်းအထန် ရင်ဆိုင်နေရတယ်လို့ Al Jazeera သတင်းဌာနက ဖော်ပြပါတယ်။

စစ်ပွဲစတင်ခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက ဓာတ်ဆီတစ်ဂါလန် ပျမ်းမျှဈေးနှုန်းဟာ ၂ ဒသမ ၉၈ ဒေါ်လာသာ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ၄ ဒသမ ၂၂ ဒေါ်လာအထိ မြင့်တက်သွားခဲ့တယ်လို့ သိရပါတယ်။ အီရန်ဘက်က ဒေသတွင်း စွမ်းအင်အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာနဲ့ ကမ္ဘာ့ရေနံတင်ပို့မှု ငါးပုံတစ်ပုံခန့် ဖြတ်သန်းနေတဲ့ ဟော်မုဇ်ရေလက်ကြားကို ကန့်သတ်ပိတ်ဆို့လိုက်တာတွေကြောင့် စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

စီးပွားရေးသုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Moody’s Analytics ရဲ့ တွက်ချက်မှုအရ စစ်ပွဲကြောင့် အမေရိကန်အိမ်ထောင်စုတစ်စုဟာ ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၇၅၀ ကျော် ပိုမိုကုန်ကျလာခဲ့ပြီး အဲဒီထဲက ဒေါ်လာ ၄၄၀ ကျော်ဟာ စွမ်းအင်အသုံးစရိတ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စွမ်းအင်ဈေးနှုန်း မြင့်တက်မှုကြောင့် အမေရိကန်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၃ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သလို လေကြောင်းလိုင်းအချို့ ပျံသန်းမှုရပ်နားရတာ၊ လေယာဉ်လက်မှတ်ခတွေ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတာနဲ့ အိမ်ရာချေးငွေ အတိုးနှုန်းတွေပါ လိုက်ပါမြင့်တက်လာတယ်လို့ သိရပါတယ်။

ဒါ့အပြင် လယ်ယာစိုက်ပျိုးရေးအတွက် အရေးပါတဲ့ မြေဩဇာဈေးနှုန်းတွေ မြင့်တက်လာနိုင်တာကြောင့် လာမယ့် ဆောင်းဦးရာသီမှာ အသား၊ ဟင်းသီးဟင်းရွက်နဲ့ အခြားစားသောက်ကုန်ဈေးနှုန်းတွေ ပိုမိုမြင့်တက်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သတိပေးထားပါတယ်။

လတ်တလော စစ်တမ်းတွေအရ အမေရိကန်ပြည်သူ ၆၆ ရာခိုင်နှုန်းက စစ်ပွဲအပေါ် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကိုင်တွယ်ပုံကို သဘောမကျကြဘဲ စစ်ပွဲဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ မြင်နေကြပါတယ်။

ဒါပေမယ့် ပင်တဂွန်စစ်ဌာနချုပ်ကတော့ စစ်ဆင်ရေးတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ ဘတ်ဂျက်ငွေ အမေရိကန်ဒေါ်လာ ဘီလီယံချီ ထပ်မံတောင်းခံထားတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး