၂၄ မေ ၂၀၂၆ | New Day Myanmar
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် ၈၈ နိုင်ငံ စုပေါင်းပြီး စစ်ပွဲနဲ့ ပဋိပက္ခတွေကြားမှာ ရောက်နေတဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့ ပူးတွဲကတိကဝတ်တစ်ခုကို မေ ၂၁ ရက်မှာ အတည်ပြုလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
ယခုကတိကဝတ်ကို ကုလသမဂ္ဂမှာ ကျင်းပနေတဲ့ “Protection of Civilians Week” အတွင်း ဆွစ်ဇာလန်သံရုံးနဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ CIVIC နဲ့ IRC တို့က ဦးဆောင်ရေးဆွဲပြီး တရားဝင် ဖတ်ကြားထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ ပူးတွဲကတိကဝတ်ထဲမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ ငွေကြေးနဲ့ အရင်းအမြစ်တွေ ဘယ်လောက်ပဲ ကျပ်တည်းနေပါစေ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးမယ့် လုပ်ငန်းတွေကို နံပါတ်တစ် ဦးစားပေးအဖြစ် ဆက်လက်လုပ်ဆောင်သွားမယ်လို့ အလေးအနက် ဖော်ပြထားပါတယ်။
ဒါ့အပြင် အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်တာဟာ နိုင်ငံတကာဥပဒေအရ လုပ်ဆောင်ရမယ့် တာဝန်တစ်ခုသာမက လူသားချင်းစာနာမှုအရ မဖြစ်မနေ ထမ်းဆောင်ရမယ့် ကျင့်ဝတ်ပိုင်းဆိုင်ရာ တာဝန်တစ်ရပ်လည်း ဖြစ်တယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်ဘေးဒုက္ခကြုံနေရတဲ့ ပြည်သူတွေဆီ လူသားချင်းစာနာမှု အကူအညီတွေ လွတ်လပ်စွာနဲ့ အဟန့်အတားမရှိ ရောက်ရှိနိုင်ရေး၊ ပဋိပက္ခတွေကို သံတမန်နည်းလမ်းတွေနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးတို့ကိုလည်း ကတိပြုထားကြပါတယ်။
ဒါတင်မကသေးဘဲ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်ချိုးဖောက်မှုတွေ ကျူးလွန်နေသူတွေကို စနစ်တကျ စုံစမ်းစစ်ဆေးပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး ဆောင်ရွက်သွားမယ်လို့လည်း ဆိုထားပါတယ်။
ထို့ပြင် မြေပြင်မှာ အရပ်သားပြည်သူတွေကို ကိုယ်တိုင်ကာကွယ်စောင့်ရှောက်ပေးနေတဲ့ ဒေသခံအဖွဲ့အစည်းတွေဆီ ငွေကြေးနဲ့ အထောက်အပံ့တွေ ပိုမိုလွယ်ကူစွာ ရောက်ရှိနိုင်ရေးအတွက်လည်း ကူညီပေးသွားမယ်လို့ သိရပါတယ်။
ယခုထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးကလည်း ၎င်းတို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှတစ်ဆင့် သတင်းထုတ်ပြန် အတည်ပြုထားပါတယ်။


