Homeပြည်တွင်းသတင်းမန္တလေးမြို့တွင် အဖွဲ့စုံစစ်ဆေးဖမ်းဆီးမှုများ ပြန်လည်အရှိန်မြှင့်လာပြီး ဖုန်းနှင့် ယာဉ်နံပါတ်စုံ/မများပါ စစ်ဆေးနေ

မန္တလေးမြို့တွင် အဖွဲ့စုံစစ်ဆေးဖမ်းဆီးမှုများ ပြန်လည်အရှိန်မြှင့်လာပြီး ဖုန်းနှင့် ယာဉ်နံပါတ်စုံ/မများပါ စစ်ဆေးနေ

၄ မေ ၂၀၂၆ | New Day Myanmar

မန္တလေးမြို့ပေါ်ရှိ လမ်းမကြီးများတွင် စစ်တပ်အပါအဝင် အဖွဲ့စုံစစ်ဆေးဖမ်းဆီးမှုများကို မေလ ၁ ရက်နေ့မှ စတင်ကာ ပြန်လည်အရှိန်မြှင့်လုပ်ဆောင်လာနေတယ်လို့ မြို့ခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

သင်္ကြန်ကာလမတိုင်မီတွင် စစ်ဆေးမှုများ အနည်းငယ်လျော့နည်းခဲ့သော်လည်း ယခု မေလအစပိုင်းမှစပြီး စစ်ဆေးရေးဂိတ်များ ပြန်လည်များပြားလာတာဖြစ်တယ်လို့ ဆိုပါတယ်။

“မြို့အနှံ့ အဖွဲ့စုံနဲ့ စစ်နေတယ်။ ဘာသတင်းရလဲတော့ မသိဘူး။ ယာဉ်တွေစစ်တယ်၊ ဖုန်းတွေကိုလည်း မသင်္ကာရင် စစ်တယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ မေလ ၄ ရက် တစ်ရက်တည်းအတွင်း မြို့တွင်း စစ်ဆေးရေးအဖွဲ့ပေါင်း ၁၇ ဖွဲ့အထိ ရှိနေတယ်လို့ Voice of Mandalay မှ ထုတ်ပြန်ထားတဲ့ အချက်အလက်များအရ သိရပါတယ်။

စစ်ဆေးရေးအဖွဲ့များသည် မော်တော်ယာဉ်များကိုသာမက ယာဉ်နံပါတ် စုံ/မ စစ်ဆေးခြင်း၊ ခရီးသွားပြည်သူများ၏ လက်ကိုင်ဖုန်းများကိုပါ စစ်ဆေးနေခြင်းကြောင့် ပြည်သူများ သွားလာရေးအခက်အခဲများ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ထို့အပြင် မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီး အနောက်မုခ်ဦးဝင်ရှေ့တွင်လည်း ရဲနှင့် ယာဉ်ထိန်းရဲ အင်အား ၂၀ ခန့်ဖြင့် ၃ ရက်ဆက်တိုက် စစ်ဆေးမှုများ ပြုလုပ်နေပြီး ပြည်သူများ သတိထားသွားလာကြရန် MDY Revolution အဖွဲ့က သတိပေးထားပါတယ်။

Related News

Most Read