၁၉ ဧပြီ ၂၀၂၆ | New Day Myanmar
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က ဒီနေ့ ဧပြီ ၁၉ ရက် နေ့လယ် ၁၂ နာရီ ၃၅ မိနစ်ခန့်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။
ဒါ့အပြင် အဲ့ဒီရွာအနီးကိုလည်း ဒီနေ့ မနက် ၁၀ နာရီခန့်မှာ ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့ပြီး ကျောက်ဆည်ပြင်ရွာနေ အသက် ၂၃ နှစ်အရွယ် ကိုဌေးဝင်းဟာ ညာဖက်လက်ခုံမှာ လက်နက်ကြီးစ ထိမှန်ပြီး ဒဏ်ရာရခဲ့ပါတယ်။
တစ်ဖက်မှာလည်း ပုဏ္ဏားကျွန်းမြို့နယ်ကို ဒီနေ့ မနက် ၁၀ နာရီခန့်မှာပဲ လေကြောင်းတိုက်ခိုက်ခဲ့ပြီး မြို့ပေါ်ရှိ ဓာတ်အားခွဲစက်ရုံအပါအဝင် အဆောက်အဦးတချို့ ပျက်စီးသွားခဲ့ပါတယ်။
အခုလို မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းဒေသတွေကို ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး စစ်ကော်မရှင်တပ်က အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေတွေကို လေယာဉ်တွေ အများအပြား အသုံးပြုတိုက်ခိုက်လာတာ တွေ့ရပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်ဒဏ်ရာနဲ့ အဆောက်အဦးပျက်စီးမှုတွေ တိုးလာနေပါတယ်။
ဓာတ်ပုံ – ဝေဟင်အောင်


