Homeပြည်တွင်းသတင်းစစ်ကောင်စီ စခန်း ၂၅ ခုနဲ့ စစ်လက်နက်အများအပြား သိမ်းပိုက်ထားကြောင်း PDF - Mandalay က ထုတ်ပြန်ကြေညာ

စစ်ကောင်စီ စခန်း ၂၅ ခုနဲ့ စစ်လက်နက်အများအပြား သိမ်းပိုက်ထားကြောင်း PDF – Mandalay က ထုတ်ပြန်ကြေညာ

၈ ဇူလိုင်၊ ၂၀၂၄

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အပြင် တပ်စခန်းပေါင်း (၂၅) ခုအထိ သိမ်းပိုက်ထားနိုင်ပြီလို့ ဇူလိုင် ၆ ရက်က သတင်းထုတ်ပြန်ပါတယ်။

မတ္တရာမြို့နယ်အတွင်းက စခန်းသာ၊ ကျောက်မဏ္ဍပ်၊ စပါးကျည်တောင်၊ ကျောက်ကြမ်းတောင်၊ ငွေပုထိုး၊ ရှင်မတောင်၊ နဂါးပတ်၊ နွားခြံကုန်း၊ ဝန်တင်ကုန်း၊ လက်သန်းတောင်၊ ခြေတော်ရာ၊ ကိုရင်လေးတောင်၊ ကင်းရွာ၊ ပတ်လည်အင်း စတဲ့ တပ်စခန်းတွေနဲ့ ဆည်တော်လမ်းခွဲမှာရှိတဲ့ တပ်စခန်းတို့ကို သိမ်းပိုက်ထားတယ်လို့ ကြေညာချက်မှာ ပါပါတယ်။

ရေနံ့သာတိုးဂိတ် နဲ့ ရေနံ့သာရဲစခန်းတို့ကို သိမ်းပိုက်ခဲ့သလို စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ (၁၂၀) မမ စိန်ပြောင်း တစ်လက်အပါအဝင် လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ မတ္တရာမြို့နယ်မှာ ဖုန်း၊ အင်တာနက်တွေ ပြတ်တောက်နေတယ်လို့သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲ တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေးဘက်က ဇူလိုင် ၇ ရက်မနက်အထိ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး ။ ဒါပေမဲ့ တရုတ်နိုင်ငံကိုတော့ ဟိုင်ဂင်သဘောတူညီချက်ကို မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့တွေက ဖောက်ဖျက်တဲ့အကြောင်းကြားချက်ကိုတော့ ပေးပို့ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဆက်စပ် သတင်းများ

Most read