၂၉ မတ် ၂၀၂၆ | New Day Myanmar
အမေရိကန်တပ်တွေ အီရန်မြေပြင်ကို ရောက်လာတဲ့အခါ မီးလောင်တိုက်သွင်းသလို တိုက်ခိုက်ဖို့ အီရန်တပ်တွေအသင့်စောင့်နေတယ်လို့ အီရန်နိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက်ဘက်ဂါ ဂါလီဘက် ကပြောလိုက်ပါတယ်။
အမေရိကန်နဲ့ အစ္စရေး ပူးပေါင်းဆောင်ရွက်နေတဲ့ အီရန်ကို ဆန့်ကျင်တဲ့ စစ်ရေးတင်းမာမှု စတင်ပြီး ၃၀ ရက်ပြည့်ချိန်မှာ ထုတ်ပြန်ခဲ့တဲ့ မက်ဆေ့ခ်ျတစ်ခုမှာ အဲဒီလို ပြောဆိုခဲ့တာဖြစ်ပါတယ်။
“အီရန်တပ်တွေဟာ အမေရိကန်တပ်တွေ မြေပြင်ရောက်လာတာကို စောင့်နေပြီး သူတို့ကို မီးလောင်တိုက်သွင်းပြီး သူတို့ရဲ့ ဒေသတွင်း မဟာမိတ်တွေကို ဒဏ်ခတ်ဖို့ အဆင်သင့်ရှိနေပါတယ်” လို့ ဂါလီဘက် က ပြောပါတယ်။
ဒါ့အပြင် “ကျွန်တော်တို့ရဲ့ ပစ်ခတ်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒုံးကျည်တွေ အဆင်သင့်ရှိနေပြီး စိတ်ဓာတ်နဲ့ ယုံကြည်မှုတွေ ပိုမိုတိုးလာပါတယ်” လို့လည်း ဆိုပါတယ်။
ဒီလို ပြောဆိုချက်တွေ ထွက်ပေါ်လာတဲ့အချိန်မှာ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ ပါကစ္စတန်နဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့မှာ တွေ့ဆုံပြီး ဒေသတွင်း တင်းမာမှု လျော့ချရေး ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်နေကြပါတယ်။
ဒီလို သံတမန်ရေးကြိုးပမ်းမှုတွေ ရှိနေပေမယ့် အမေရိကန်ဘက်ကတော့ အီရန်အတွင်း မြေပြင်စစ်ရေး လှုပ်ရှားမှုတွေ ဆောင်ရွက်ဖို့ ပြင်ဆင်နေပြီး တပ်သားတွေနဲ့ မရင်းတပ်ဖွဲ့ဝင်တွေကို အရှေ့အလယ်ပိုင်းဒေသသို့ ပို့ဆောင်နေတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောထားပါတယ်။


