၈ မတ်လ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံတဝှမ်း ပဋိပက္ခနဲ့ အကျပ်အတည်းတွေ ဆက်လက်ဖြစ်ပွားနေတဲ့အခြေအနေအောက်မှာ မိသားစုနဲ့ လူမှုအသိုက်အဝန်း မပြိုကွဲသွားအောင် ထိန်းကျောင်းပေးနေရတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ကုလသမဂ္ဂက ဒီကနေ့ မတ်လ ၈ ရက် ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ထောက်ပြပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ ပညာရေးစနစ်တွေ ပျက်ယွင်းနေတဲ့အခြေအနေကြောင့် အမျိုးသမီးတွေဟာ လုံလောက်တဲ့ ပံ့ပိုးကူညီမှုမရှိဘဲ မိသားစုဝင်တွေကို ပြုစုစောင့်ရှောက်ရတဲ့ အခြေအနေတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိန်းကလေးငယ်တွေဟာလည်း ပညာသင်ကြားခွင့်ကို အရင်ဆုံး ဆုံးရှုံးနေရတဲ့ အုပ်စုဖြစ်လာနေတယ်လို့ ကုလသမဂ္ဂက ထောက်ပြထားပါတယ်။
အထူးသဖြင့် စားနပ်ရိက္ခာရှားပါးမှုများ ဖြစ်ပေါ်လာတဲ့အခါ အမျိုးသမီးတွေဟာ မိသားစုဝင်တွေ အစားအစာရရှိနိုင်ဖို့ သူတို့ရဲ့ စားနပ်ရိက္ခာဝေစုကို လျှော့ချစားသောက်ပြီး ပြင်းထန်တဲ့ ဖိအားတွေကြားမှာ ကြံ့ကြံ့ခံ ရပ်တည်နေကြရတယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် အမျိုးသမီးတွေရဲ့ ကြံ့ကြံ့ခံနိုင်ရည်သာမက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ IDP အမျိုးသမီးတွေ အပါအဝင် အမျိုးသမီးတိုင်းဆီကို အခွင့်အရေး၊ တရားမျှတမှုနဲ့ လက်တွေ့ကျတဲ့ အကူအညီတွေ ရောက်ရှိဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ဒါ့အပြင် အမျိုးသမီးတွေကို အကြမ်းဖက်မှုတွေကနေ ကာကွယ်ပေးဖို့၊ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်မယ့် ဆုံးဖြတ်ချက်တွေမှာ အဓိပ္ပာယ်ရှိရှိ ပါဝင်ခွင့်ပေးဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ သူတို့ရဲ့ ခေါင်းဆောင်မှုကို ပံ့ပိုးပေးဖို့လည်း တိုက်တွန်းထားပါတယ်။
ဒီနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ မြန်မာအမျိုးသမီးတွေရဲ့ သတ္တိနဲ့ ကြံ့ကြံ့ခံနိုင်ရည်ကို အသိအမှတ်ပြုရုံသာမက သူတို့အတွက် လိုအပ်တဲ့ အကာအကွယ်ပေးမှုနဲ့ ရေရှည်တည်တံ့တဲ့ ပံ့ပိုးကူညီမှုတွေ ဖော်ဆောင်ပေးကြဖို့ ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။


