Homeနိုင်ငံတကာသတင်းကုလသမဂ္ဂ ဘဏ္ဍာရေးပြိုလဲနိုင်တယ်လို့ အတွင်းရေးမှူးချုပ် သတိပေး

ကုလသမဂ္ဂ ဘဏ္ဍာရေးပြိုလဲနိုင်တယ်လို့ အတွင်းရေးမှူးချုပ် သတိပေး

၁ ဖေဖော်ဝါရီ ၂၀၂၆

အဖွဲ့ဝင်နိုင်ငံတွေက ကတိပြုထားတဲ့ ထောက်ပံ့ငွေတွေကို အချိန်မီ မပေးချေဘူးဆိုရင် United Nations ဟာ ပြင်းထန်တဲ့ ဘဏ္ဍာရေးအကျပ်အတည်းကို ကြုံတွေ့နိုင်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က သတိပေးပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၃၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြောကြားချက်အတွင်း လက်ရှိအတိုင်း ဆက်သွားနေမယ်ဆိုရင် ကုလသမဂ္ဂရဲ့ လက်ကျန်ဘတ်ဂျတ်ဟာ ဇူလိုင်လကုန်အထိပဲ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ဆက်လက် လည်ပတ်နိုင်မယ်လို့ ဂူတာရက်စ်က ဝန်ခံခဲ့ပါတယ်။

ဒီသတိပေးချက်ဟာ ကတိပြုထားတဲ့ ဒေါ်လာဘီလီယံနဲ့ချီ ထောက်ပံ့ငွေတွေကို မပေးချေသေးတဲ့ အမေရိကန်ကို အဓိက ရည်ညွှန်းထားတာလို ဖြစ်နေတယ်လို့ နိုင်ငံတကာသတင်းတွေက သုံးသပ်ထားပါတယ်။

ဂူတာရက်စ်က ကုလသမဂ္ဂ ဘဏ္ဍာရေးပြိုလဲမှုကို တားဆီးဖို့ နည်းလမ်းနှစ်ခုသာ ရှိတယ်လို့ ဆိုပါတယ်။ တစ်ခုက အဖွဲ့ဝင်နိုင်ငံအားလုံး ကတိပြုထားတဲ့ ငွေကြေးတွေကို အချိန်မီ ပေးချေဖို့ဖြစ်ပြီး၊ နောက်တစ်ခုကတော့ ကုလသမဂ္ဂရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို အခြေခံကနေ ပြန်လည်ပြင်ဆင်ရမယ့် အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂအရာရှိတစ်ဦးအရ အမေရိကန်ဟာ အခုနှစ်အတွက် ထောက်ပံ့ရမယ့် ဒေါ်လာ ၇၆၇ သန်းနဲ့ ယခင်နှစ်တွေက ကြွေးကျန်တွေပါ ထည့်တွက်ရင် စုစုပေါင်း ဒေါ်လာ ၂.၁၉၆ ဘီလီယံ ပေးချေဖို့ ကျန်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးထိန်းသိမ်းမှု မစ်ရှင်တွေအတွက်လည်း ဒေါ်လာ ၁.၈ ဘီလီယံ ထပ်မံကျန်နေတယ်လို့ သိရပါတယ်။

အမေရိကန်အပြင် ဗင်နီဇွဲလားကလည်း ကုလသမဂ္ဂကို ဒေါ်လာ ၃၈ သန်း အကြွေးတင်နေတယ်လို့ ဆိုပါတယ်။

ဂူတာရက်စ်ကတော့ သူ့အနေနဲ့ အခြေအနေကို ချဲ့ကားပြောနေတာ မဟုတ်ကြောင်း၊ ကုလသမဂ္ဂဟာ မရရှိသေးတဲ့ ငွေတွေကို သုံးလို့မရသလို မရခဲ့တဲ့ ငွေတွေကို ပြန်အမ်းဖို့လည်း မဖြစ်နိုင်ကြောင်း ထပ်မံရှင်းပြခဲ့ပါတယ်။

ကိုးကား – Reuters

ဓါတ်ပုံ – Getty Image

Related News

Most Read