၃ မတ် ၂၀၂၆
အရှေ့အလယ်ပိုင်းဒေသ စစ်ရေးတင်းမာမှုကြောင့် စက်သုံးဆီချွေတာရေးအဖြစ် ပြည်တွင်းမှာ စုံဂဏန်းရက်၊ မဂဏန်းရက် ခွဲပြီး ယာဉ်မောင်းနှင်ဖို့ စစ်ကော်မရှင်က ဒီကနေ့ မတ်လ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
မတ်လ ၇ ရက်နေ့ကစပြီး အကျုံးဝင်မှာဖြစ်ပြီး နောက်ထပ်ထုတ်ပြန်ချက် မရှိမချင်း ဆက်လက်အတည်ဖြစ်မယ်လို့ ဆိုပါတယ်။ စည်းကမ်းဖောက်ဖျက်ရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူမယ်လို့လည်း အသိပေးထားပါတယ်။
သတ်မှတ်ချက်အရ လစဉ် “စုံ” ရက်တွေမှာ စုံနံပါတ်ပါတဲ့ ပုဂ္ဂလိကယာဉ်တွေ မောင်းရမယ်၊ “မ” ရက်တွေမှာ မနံပါတ်ပါတဲ့ ပုဂ္ဂလိကယာဉ်တွေ မောင်းရမယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်တွေ၊ Taxi တွေ၊ စက်သုံးဆီသယ်ယာဉ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်တွေ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်တွေ၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်နဲ့ စည်ပင်အမှိုက်သိမ်းယာဉ်တွေ မပါဝင်ဘူးလို့ ဖော်ပြထားပါတယ်။
လျှပ်စစ်ကား (EV) နဲ့ လျှပ်စစ်ဆိုင်ကယ်တွေကိုတော့ ရက်မရွေး နေ့စဉ်မောင်းနှင်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ထို့အပြင် စက်သုံးဆီ ဝယ်ယူစုဆောင်းတာ၊ ဈေးတင်ရောင်းချတာတွေ မလုပ်ဖို့လည်း တားမြစ်ထားပါတယ်။
မတ်လ ၃ ရက်နေ့မှာတော့ ရန်ကုန်အပါအဝင် မြို့ကြီးအများစုမှာ စက်သုံးဆီ တန်းစီဝယ်ယူရတဲ့အခြေအနေတွေ ဖြစ်ပေါ်နေပြီး လိုသလောက် မဝယ်နိုင်တဲ့ အခြေအနေတွေ စတင်တွေ့ရပါတယ်။


