Homeပြည်တွင်းသတင်းအမေရိကန်တွင် မျက်စိမမြင်ရတဲ့ မြန်မာဒုက္ခသည်တစ်ဦး လမ်းဘေးပစ်ချခံရပြီး သေဆုံး

အမေရိကန်တွင် မျက်စိမမြင်ရတဲ့ မြန်မာဒုက္ခသည်တစ်ဦး လမ်းဘေးပစ်ချခံရပြီး သေဆုံး

၂၆ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar

အမေရိကန်နိုင်ငံ Buffalo မြို့မှာ မျက်စိမမြင်ရတဲ့ မြန်မာရိုဟင်ဂျာဒုက္ခသည်တစ်ဦးကို နယ်ခြားစောင့်ရဲများက လွှတ်ပေးပြီးနောက် လမ်းဘေးမှာ ပစ်ချထားခဲ့ရာကနေ ရက်အနည်းငယ်အကြာ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရပါတယ်။

သေဆုံးသူဟာ အသက် ၅၆ နှစ်အရွယ် ဦး Nurul Amin Shah Alam ဖြစ်ပြီး မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးဖြစ်ပါတယ်။ သူဟာ အင်္ဂလိပ်စကား မပြောတတ်သလို မျက်စိကလည်း ကောင်းကောင်းမမြင်ရတဲ့ အခြေအနေရှိသူဖြစ်ပြီး အမေရိကန်နိုင်ငံကို ရောက်ရှိလာတာ ၁၅ လခန့်သာ ရှိသေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း လမ်းလျှောက်ရာမှာ တုတ်ကောက်အဖြစ် အသုံးပြုနေတဲ့ ကလိုက်ကာတိုင်တစ်ချောင်း ကိုင်ထားခဲ့တာကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အင်္ဂလိပ်လို ညွှန်ကြားချက်တွေကို နားမလည်ခဲ့တာကြောင့် Taser (လျှပ်စစ်ရှော့ခ်) နဲ့ ပစ်ခတ်ခံရသလို ရိုက်နှက်ခံခဲ့ရကြောင်း မိသားစုဘက်က ပြောပါတယ်။ အဲဒီနောက် သူ့ကို အချုပ်ထဲ ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

မိသားစုဝင်တွေက Immigration and Customs Enforcement (ICE) ကနေ ပြည်နယ်ပြင်ပကို ခေါ်ဆောင်သွားနိုင်ခြေကို စိုးရိမ်တာကြောင့် အာမခံပေးဖို့ မလုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ နောက်ဆုံးမှာတော့ အချုပ်ကနေ လွတ်မြောက်ဖို့ သဘောတူညီချက်တစ်ရပ် ရရှိခဲ့ပါတယ်။

ဒါပေမယ့် အချုပ်ကနေ လွတ်လာပြီးနောက် U.S. Border Patrol က သူ့ကို ထိန်းသိမ်းရေးစခန်းသို့ မပို့ဘဲ Buffalo မြို့အတွင်း သူ့အိမ်နဲ့ ၅ မိုင်ခန့်ဝေးတဲ့ စားသောက်ဆိုင်အနီး လမ်းဘေးမှာ ဒီအတိုင်း ပစ်ချထားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအချိန်မှာ ဦး Nurul Amin Shah Alam ဟာ မျက်စိမမြင်ရတဲ့အပြင် အင်္ဂလိပ်စကား မပြောတတ်တာ၊ ဆက်သွယ်နိုင်မယ့် ဖုန်းမပါရှိတာတို့ကြောင့် မိသားစုဆီ ပြန်ရောက်နိုင်ခြင်း မရှိခဲ့ဘဲ လွှတ်ပေးခဲ့ကြောင်းကို မိသားစုဘက်ထံ အကြောင်းကြားခြင်းလည်း မရှိခဲ့ပါဘူး။

မိသားစုဝင်တွေကတော့ ရက်ပေါင်းများစွာ လိုက်လံရှာဖွေခဲ့ရပြီး ရဲတပ်ဖွဲ့ဘက်ကလည်း သူဟာ ICE ထိန်းသိမ်းရေးအတွင်းမှာ ရှိနေသေးတယ်လို့ ယူဆကာ ပျောက်ဆုံးမှုအမှုကို ခဏပိတ်ထားခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးမှာတော့ ရက်အနည်းငယ်အကြာ Buffalo မြို့လမ်းမတစ်ခုပေါ်မှာ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ရတာဖြစ်ပြီး သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ အာဏာပိုင်တွေဘက်က အတိအကျ မထုတ်ပြန်သေးဘဲ လူသတ်မှု စုံစမ်းရေးအဖွဲ့တွေက သေဆုံးချိန်နှင့် အခြေအနေများကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဦး Nurul Amin Shah Alam ဟာ ဇနီးသည်တစ်ဦးနဲ့ သားနှစ်ဦးကို နောက်ကျန်ထားခဲ့ရပြီး ဒီဖြစ်စဉ်ဟာ အမေရိကန်အတွင်း ဒုက္ခသည်များ၏ လုံခြုံရေး၊ လူ့အခွင့်အရေးနှင့် တာဝန်ယူမှု အပေါ် အလေးထားမေးခွန်းများကို ထပ်မံပေါ်ပေါက်လာစေခဲ့ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး