Homeပြည်တွင်းသတင်းမတ်လလယ်ပိုင်းမှာ လွှတ်တော်သုံးရပ် စတင်ခေါ်ယူမယ်လို့ စစ်ကော်မရှင် ကြေညာ

မတ်လလယ်ပိုင်းမှာ လွှတ်တော်သုံးရပ် စတင်ခေါ်ယူမယ်လို့ စစ်ကော်မရှင် ကြေညာ

၂၄ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar

ရွေးကောက်ပွဲ ၃ ပိုင်းလုံး ကျင်းပပြီးနောက် တစ်လနီးပါးအကြာမှာပဲ မတ်လလယ်ပိုင်းအတွင်း လွှတ်တော်သုံးရပ်ကို စတင်ခေါ်ယူသွားမယ်လို့ စစ်ကော်မရှင် က ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ထုတ်ပြန်ချက်အရ ပြည်သူ့လွှတ်တော်ကို မတ်လ ၁၆ ရက်၊ အမျိုးသားလွှတ်တော်ကို မတ်လ ၁၈ ရက်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးတွေကို မတ်လ ၂၀ ရက်နေ့တွေမှာ အသီးသီး စတင်ကျင်းပသွားမယ်လို့ ဆိုပါတယ်။

အဆိုပါ လွှတ်တော်ခေါ်ယူရေး ကြေညာချက်ဟာ သမ္မတရွေးချယ်ရေးအတွက် အရေးပါတဲ့ လွှတ်တော်လုပ်ငန်းစဉ်တွေကို စတင်သွားမယ်ဆိုတဲ့ အချက်ကို ထင်ရှားစေပြီး နိုင်ငံရေးအခြေအနေအသစ်တစ်ရပ်ကို ဦးတည်သွားနေတယ်လို့ သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကလည်း မကြာသေးခင်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာ ဧပြီလ မြန်မာ့နှစ်သစ်ကူး သင်္ကြန်မတိုင်ခင် သမ္မတအသစ်နဲ့ အစိုးရအဖွဲ့သစ် ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပြီးနောက် ယခုလို လွှတ်တော်ခေါ်ယူရေးကို ကြေညာလာတာဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပခဲ့တဲ့ စစ်တပ်ရွေးကောက်ပွဲတွေအရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) က ပြည်သူ့လွှတ်တော် ၂၃၁ နေရာ၊ အမျိုးသားလွှတ်တော် ၁၀၈ နေရာ စုစုပေါင်း ၃၃၉ နေရာ ရရှိထားပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာတော့ ဖွဲ့စည်းပုံအရ စစ်တပ်ကိုယ်စားလှယ် ၁၆၆ ဦး ပါဝင်လာမှာဖြစ်ပြီး၊ ရွေးကောက်ပွဲကနေ ရလာတဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေ ၄၂၀ ဦးနဲ့ ပေါင်းစုပြီး စုစုပေါင်း ၅၈၆ ဦး လွှတ်တော်အတွင်း ပါဝင်လာမယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး