Homeပြည်တွင်းသတင်းမြန်မာစစ်ကော်မရှင်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးဖြစ်တာကြောင့် ဆက်လက်လုပ်ဆောင်မယ်

မြန်မာစစ်ကော်မရှင်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးဖြစ်တာကြောင့် ဆက်လက်လုပ်ဆောင်မယ်

၇ ဖေဖော်ဝါရီ ၂၀၂၆

မြန်မာနိုင်ငံမှာ စစ်ကော်မရှင်ကို နိုင်ငံရေးပြုပြင်ပြောင်းလဲလာအောင် ဖိအားပေးနိုင်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေကို အမေရိကန်အနေနဲ့ ဆက်လက်အသုံးချသွားမယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့က အမေရိကန်လွှတ်တော် ဘဏ္ဍာရေးထိန်းကြောင်းမှုကော်မတီရဲ့ ကြားနာပွဲအတွင်းမှာ မေးမြန်းမှုတွေကို ဖြေကြားရာမှာ မြန်မာစစ်ကော်မရှင်ကို ပစ်မှတ်ထားတဲ့ ဘဏ္ဍာရေးဖိအားပေးမှုတွေဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ ကမ္ဘာ့ငွေကြေးတည်ငြိမ်ရေးအတွက် အရေးပါတဲ့ မူဝါဒတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဘက်ဆက်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်အပေါ် ဖိအားပေးနိုင်ဖို့ ဘဏ္ဍာရေးဆိုင်ရာပိတ်ဆို့မှုကို ဆက်လက်ထိန်းသိမ်းထားပြီး အရေးယူမှုတွေ ထိရောက်စေဖို့ အခြားသော အမေရိကန်အစိုးရ အေဂျင်စီတွေ၊ မဟာမိတ်နိုင်ငံတွေ နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာစစ်ကော်မရှင်အတွက် လေတပ်သုံး ဂျက်လေယာဉ်ဆီတွေကို တရားမဝင် တင်ပို့ရောင်းချနေတယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီးလည်း အမေရိကန်အနေနဲ့ ဆက်လက်စောင့်ကြည့်နေပြီး လိုအပ်ပါက ထပ်မံပိတ်ဆို့အရေးယူနိုင်ဖို့ နည်းလမ်းတွေရှိနေသေးကြောင်း ထောက်ပြခဲ့ပါတယ်။

အဲဒီလို ပိတ်ဆို့အရေးယူမှုတွေဟာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကိုသာ ပစ်မှတ်ထားတာဖြစ်ပြီး သာမန်မြန်မာပြည်သူတွေကို မထိခိုက်စေဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့လည်း ဘဏ္ဍာရေးဝန်ကြီးက ဆိုပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးရဲ့ ပြောကြားချက်အရ မြန်မာနိုင်ငံဟာ တရားမဝင် နယ်စပ်ဖြတ်ကျော် ငွေကြေးစီးဆင်းမှုများပြီး ဒေသတွင်း လုံခြုံရေးနဲ့ ကမ္ဘာ့စျေးကွက်တည်ငြိမ်ရေးကို ထိခိုက်နိုင်တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တာကြောင့် အမေရိကန်အနေနဲ့ အနီးကပ် စောင့်ကြည့်နေဆဲဖြစ်ကြောင်း သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး