၄ ဖေဖော်ဝါရီ ၂၀၂၆
ရန်ကုန်မှာ စစ်ကော်မရှင် ပြုလုပ်မယ့် ပြည်ထောင်စုနေ့ အခမ်းအနားအတွက်ဆိုကာ ပြည်လမ်းမကြီးပေါ်မှာရှိတဲ့ အလုံလမ်းကနေ မြေနီကုန်းအထိ ၃ ရက်ကြာ ယာဉ်သွားလာခွင့် ပိတ်ထားမယ်လို့ စစ်ကော်ရှင်ရဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဆီက သိရပါတယ်။
ယာဉ်တွေ ဖြတ်သန်းသွားလာခွင့်ကို ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၁၂ ရက်နေ့အထိ ပိတ်ထားမှာဖြစ်ပြီး၊ လမ်းတလျှောက်မှာလည်း စစ်ကော်မရှင် လက်အောက်ခံ လုံခြုံရေးတပ်တွေကို တင်းကြပ်စွာ ချထားတာတွေ့ရပါတယ်။
စစ်ကော်မရှင် ပြုလုပ်မယ့် ပြည်ထောင်စုနေ့ အခမ်းအနားကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံး မျက်နှာချင်းဆိုင်မှာရှိတဲ့ ပြည်သူ့ရင်ပြင်အတွင်းမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
“အခုတောင် လမ်းပေါ်မှာ လုံခြုံရေးတွေ ချထားတာတွေ့ရတယ်။ တခါတလေ ကင်းပတ်တာတွေလည်း ရှိတယ်။ ထူးထူးခြားခြားတော့ ဘာမှမရှိသေးပါဘူး” လို့ ရန်ကုန်မြို့နေ တက္ကစီယာဉ်မောင်းတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
လမ်းပိတ်ထားတဲ့ ကာလအတွင်း ပြည်လမ်းအတိုင်း မြောက်ဘက်ကနေ တောင်ဘက်ကို မောင်းနှင်လာတဲ့ ယာဉ်တွေဟာ မြေနီကုန်းတံတားအောက် မီးပွိုင့်ကနေ ညာဘက်ကို ချိုးကွေ့ပြီး အောက်ကြည့်မြင်တိုင်လမ်းကတစ်ဆင့် သွားလာရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အလားတူပဲ ပြည်လမ်းအတိုင်း တောင်ဘက်ကနေ မြောက်ဘက်ကို မောင်းနှင်လာတဲ့ ယာဉ်တွေဟာ ပြည်ထောင်စုရိပ်သာလမ်းကို ချိုးကွေ့ပြီး ခရေပင်လမ်း၊ အလုံလမ်းကတစ်ဆင့် အောက်ကြည့်မြင်တိုင်လမ်းဘက်ကို မောင်းနှင်ကြရမယ်လို့ သိရပါတယ်။


