၂၈ ဇန်နဝါရီ ၂၀၂၆
စစ်ကော်မရှင်က ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို အနားပေးလိုက်ပြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ကို ပြည်ထဲရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။
ပြည်ထဲရေးဝန်ကြီးသစ်ဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ဟာ စစ်ရေးချုပ်ရာထူးကို ယခင်က ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ ပြီးခဲ့တဲ့ လပိုင်းကမှ အဲဒီရာထူးကနေ အနားပေးခံထားရသူလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၂၁ စစ်အာဏာသိမ်းကာလမှာ အထူးစစ်ဆင်ရေးအဖွဲ့မှူး တာဝန်ကို ယူခဲ့သူတစ်ဦးအဖြစ်လည်း သိရှိထားရပါတယ်။
စစ်ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ အနားပေးခံထားရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို မူလ စစ်ဘက်ရာထူးကို ပြန်လည်ခန့်အပ်လိုက်တယ်လို့ ထပ်မံကြေညာခဲ့ပါတယ်။
အဲ့ဒီမတိုင်ခင် ကတော့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ဟာ စစ်ရုံးအတွင်း စစ်ဆေးခံနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ အဲ့ဒီအချက်အလက်တွေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပြည်ထဲရေးဒုတိယဝန်ကြီးနေရာမှာ အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်ခဲ့ပြီး၊ ဒုတိယစစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ် မင်းသူကို ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ထားခဲ့ပါတယ်။


