ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်နှစ်ခုမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေနဲ့ဌာနဆိုင်ရာ ရုံးစာရွက်စာတမ်းတွေ လိမ်လည် အတုပြုလုပ်သူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၁၉ ရက်နေ့က ထုတ်ပြန်ထားတာဖြစ်ပြီးလှိုင်သာယာမြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်တွေက အမျိုးသား ၄ ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဥ်မှာ ဇန်နဝါရီ ၁၄ ရက် ညနေ ၆ နာရီခွဲအချိန်က လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ဗထူး (၁၁)လမ်းရှိ နေအိမ်တစ်အိမ်ကနေ အမျိုးသားနှစ်ဦးနဲ့အတူ ပြုလုပ်ပြီးသားနိုင်ငံသားစိစစ်ရေးကတ်ပြားအတု ၄၅ ခု၊ ပြုလုပ်ဆဲနိုင်ငံသားစိစစ်ရေးကတ်ပြားအတု အခု ၁၁၀၊ သာသနာစိစစ်ရေးကတ်ပြားအတု ၃ ခု၊ ပြစ်မှုကင်းရှင်းကြောင်းရဲစခန်းထောက်ခံစာအတု အခု ၁၂၀၊ ရပ် ကွက်ထောက်ခံစာအတု ၄ ရွက်၊ ကျောင်းထောက်ခံစာအတု ၃ ခု၊ အိမ်ထောင်စုလူဦးရေစာရင်းအတု ၅၃ ခု၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြားအတု အခု ၁၁၀၊ ဌာန ဆိုင်ရာ/ရုံးတံဆိပ်အတု ၁၈ ခု၊ လက်ကိုင်ဖုန်း ၁လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ည ၈ နာရီအချိန်မှာ ရွှေပြည်သာမြို့နယ်၊ (တ/၁၅) ရပ်ကွက်၊ ရေအိုးစင်လမ်းက နေအိမ်တစ်အိမ်မှာ အမျိုးသားနှစ်ဦးနဲ့အတူ ပြုလုပ်ပြီးနိုင်ငံသားစိစစ်ရေးကတ်ပြားအတု ၉ ခု၊ ပြုလုပ်ဆဲနိုင်ငံသားစိစစ်ရေး ကတ်ပြားအတု ၈ ခု၊ အိမ်ထောင်စုလူဦးရေစာရင်းအတု ၄ ခု၊ ဌာနဆိုင်ရာ/ရုံးတံဆိပ်အတု ၁၂ ခု၊ လက်ကိုင်ဖုန်း ၂ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိသူတွေကို လှိုင်သာယာ(အရှေ့ပိုင်း) မြို့မရဲစခန်းနဲ့ လှော်ကားနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀/၄၆၈ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
ဓါတ်ပုံ – စစ်ကော်မရှင်


