ကရင်နယ်ခြားစောင့်တပ် (BGF)ကနေ ကရင်အမျိုးသားတပ်မတော် (KNA)အ ဖြစ် ပြောင်းလဲတဲ့အပေါ် စစ်ကော်မရှင်နဲ့ညှိနှိုင်းမှုအဆင်မပြေဘဲ စစ်ရေတင်းမာနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
BGF ကနေ KNA အဖြစ် ဘက်တံဆိပ်တွေပြောင်းလဲတာကို ဇန်နဝါရီ ၁ရက်က လုပ်ဆောင်ခဲ့ပြီး၊ အဲ့ဒီအတွက် ဒီဇင်ဘာ ၃၀ရက်နေ့က ဘားအံမြို့မှာရှိတဲ့ စစ်ကော်မရှင်တပ်မဌာနချုပ် ၂၂နဲ့ နှစ်ဖက်တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြပေမယ့် အ ဆင်မပြေဘဲ တင်းမာမှုဖြစ်ပေါ်ခဲ့တာပါ။
ဒါကြောင့် စစ်ကော်မရှင်ဟာ ဘားအံမြို့ပေါ်မှာရှိတဲ့ တပ်ရင်းဌာနချုပ်တွေကို အ ရေးပေါ်လုံခြုံရေးတပ်လှန့်ထားသလို BGF တပ်ဖွဲ့တွေကလည်း ရွှေကုက္ကိုဒေသအတွင်းမှာ လုံခြုံရေးတပ်လှန့်ထားတယ်လို့ သိရပါတယ်။
လတ်တလော စစ်ကော်မရှင်တပ်ဟာ ရွှေကုက္ကိုလ်အနီးက ကျေးရွာတွေမှာ တပ်အင်အားအများအပြား ပို့ဆောင်နေပြီး BGF အဖွဲ့ကလည်း ရွှေကုက္ကိုလ်ဒေသအတွင်းမှာ လုံခြုံရေးတပ်လှန့်ထားတယ်လို့ သိရပါတယ်။
“နှစ်ဖက်တပ်တွေ ခြေရှုပ်နေတယ်။ အချို့လည်း နီးစပ်တဲ့ မြို့တွေကို ကြိုပြောင်းနေကြတယ်။ အခြေအနေကိုပြောရရင်တော့ ဘာမှန်းမသိရဘူး၊ ရှုပ်နေတယ်”လို့ မြဝတီမြို့နေ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်လော်ဘီတွေရဲ့ ဖော်ပြချက်မှာတော့ BGF ကနေ KNA အဖြစ် ခွဲထွက်ဖို့ ဇန်နဝါရီ ၁ရက်နေ့မှာ မြဝတီမြို့ နယ် မြောက်ဘက် သေ့ကတေကျေးရွာမှာ BGF ခေါင်းဆောင်တွေအစည်း အ ဝေးတစ်ရပ်ပြုလုပ်ခဲ့ပြီး BGF တပ်ဖွဲ့တွေဟာ KNA အဖြစ် ပြောင်းလဲသွားပေမယ့် စစ်တပ်နဲ့ ပူးပေါင်းကျန်ရှိနေမယ့် BGF တပ်ဖွဲ့တွေလည်း ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဓာတ်ပုံ- KNA


