ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းက ပြည်သူ့ပါတီ ရန်ကုန် တိုင်းဒေသကြီးရုံးအနီး ဖောက်ခွဲမှု ကျုးလွန်သူများ ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒီဇင်ဘာလ၂၅ ရက်က စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဖောက်ခွဲမှုဖြစ်စဥ်ဟာ ဒီဇင်ဘာ ၂၁ ရက်၊ ည ၇ နာရီကျော်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက် ပန်းဆိုးတန်းလမ်း၊ တိုက် ၈၄ နဲ့ ၈၆ ကြား ပြည်သူ့ပါတီ ရန်ကုန်တိုင်းရုံးအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဝေးထိန်းလက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် လမ်းဘေးမှာ ရပ်ထားတဲ့ မော်တော်ယာဉ်တစ်စီး ဝဲ/ယာဘက် မှန်တံခါး ၄ ချပ် နဲ့ ယာဘက်ခြမ်းတံခါးတွေ မိုင်းပေါက်
ကွဲစတွေ ထိမှန်ခဲ့ရတယ်လို့ စစ်ကော်မရှင် ဝါဒဖြန့် သတင်းတွေမှာ ဖော်ပြပါတယ်။
ဖောက်ခွဲမှုပြုလုပ်သူတွေဟာ တောင်ဒဂုံမြို့နယ်၊ ၁၀၅ ရပ်ကွက်၊ စွယ်တော်လမ်းမှာ နေထိုင်တဲ့ ကြည်ကြည်ရွှေ (၃၇ နှစ်) နဲ့သားဖြစ်သူ မောင်လင်းလတ်ဟိန်း တို့ဖြစ်ကြပြီး ဒီဇင်ဘာ ၂၄ ရက်၊ မွန်း လွဲ ၂ နာရီလောက်မှာ သူတို့နှစ်ဦးစလုံးကို နေအိမ်မှာ သက်သေခံပစ္စည်းတွေနဲ့ အတူ ဖမ်းမိခဲ့တာလို့ ဝါဒဖြန့်သတင်းတွေက ဆိုပါတယ်။
မကြည်ကြည်ရွှေဟာ မြောက်ဒဂုံမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၉၄ အ၀ယယ/၃၄ အမှုနဲ့ အလုပ် နဲ့ ထောင်ဒဏ် အနှစ် (၂၀) ကျခံနေတဲ့ ဒုတိယခင်ပွန်းဖြစ်သူ ဇော်လင်း (ခေါ်) ဇော်ကြီးကို ထောင်ဝင်စာ သွားတွေ့ချိန် ဇော်လင်း (ခေါ်) ဇော်ကြီးရဲ့ ဆက်သွယ်ပေးမှု အရ ကိုလင်း (ဖမ်းဆီးဖို့ ကျန်) ထံ တယ်လီဂရန်က တမဆင့် ဆက်သွယ်ခဲ့ပြီး ကိုလင်း (ဖမ်းဆီးဖို့ ကျန်)က Kpay Account ကနေ ငွေကျပ် သုံးသိန်းခွဲ ပေးခိုင်းစေခဲ့တာဖြစ်ပြီး ခိုင်းစေချက်အရ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံမှာ မနွေဆိုသူ ဆီကနေ လက်လုပ်ဗုံးပါ အထုပ် တထုပ်ကို ယူဆောင်ခဲ့တာလို့ ဆိုပါတယ်။
ဖောက်ခွဲမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး ပူးပေါင်းပါဝင်သူ အပြင် ဖမ်းဆီးဖို့ ကျန်ရှိနေတဲ့သူတွေကိုလည်း စစ်ကော်မရှင်လက်အောက်ခံ တပ်တွေက လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။


