ရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းနဲ့မဟာဗန္ဓုလလမ်းဒေါင့် မီးပွိုင့်မှာ ယာဉ်ရှောင်တိမ်းရာက နေအောက်ဆိုဒ်ကား မှောက်ပြီး ၁ ဦးသေဆုံး၊ ၆ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၅ ရက် မနက် ၈ နာရီခွဲအချိန်က မီးပွိုင့်မှာ မီးနီဖြတ်မောင်းပြီး ကားကျော်တက်ရာက ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၃ ဦးနဲ့အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ကူညီပေးခဲ့သူတွေ ထံက သိရပါတယ်။
ရန်ကုန်မှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ လိုင်းကားတွေ စနစ်တကျ ပြေးဆွဲတာမျိုး သိပ်မရှိတော့ဘဲ မြို့နေလူတွေဟာ တရားမဝင် အောက်ဆုဒ်လိုင်းကားတွေကို စီးနင်နေကြရတာဖြစ်ပါတယ်။
“အောက်ဆိုဒ်ကားတွေက စွတ်မောင်းတာ ကျော်တက်တာတွေ လုပ်တော့ မကြာခဏမှောက်တယ်။ ဒါပေမယ့်လည်း ခရီးတွင်ဖို့ကလိုင်းကားတွေ က နည်းနေတော့ အောက်ဆိုဒ်တွေပဲ စီးနေရတယ်။”ရန်ကုန်မြို့ခံ တဦးက New Day Myanmar ကိုပြောပါတယ်။
အခုဖြစ်စဉ်မှာ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကိုရန်ကုန်ဆေးရုံကြီးကို လူမူကူညီရေးအသင်းတွေက ကူညီပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
ဓါတ်ပုံ – CJ


