ရန်ကုန်မှာ အခုလ အောက်တိုဘာ ၁၃ ရက်ကနေ ၁၉ရက် ရက်သတ္တပတ်တာကာလအတွင်း မြို့နယ် ၈ မြို့နယ်ကနေ ပြည်သူ ၁၈ ဦး ဖမ်းဆီးခံထားရတယ်လို့ ရန်ကုန်စောင့်ကြည့်အဖွဲ့က ဒီကနေ့ အောက်တိုဘာ ၂၀ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံရသူတွေဟာ မရမ်းကုန်း သာကေတ၊ ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်၊ ကမာရွတ်၊ မြောက်ဒဂုံ၊ ရွှေပြည်သာနှင့် ကြည့်မြင်တိုင်မြို့နယ်တွေကဖြစ်ပြီး၊ လမ်းမပေါ်သွားလာနေစဉ်မှာ ဖမ်းဆီးခံရသူ ၁၅ ဦးနဲ့ ဧည့်စစ်ပြီး ဖမ်းဆီးခံရသူ ၃ ဦးရှိတယ်လို့ ဆိုပါတယ်။
ယခု သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်တွေရှိနေပြီး ကြည့်မြင်တိုင်၊ သာကေတ၊ ဗဟန်း၊ စမ်းချောင်း၊ ရန်ကင်းနဲ့လှိုင်သာယာမြို့နယ်တွေမှာ ရှိခဲ့တယ်လို့ဆိုထားပါတယ်။
ဒါအပြင် အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၅ နာရီခွဲအချိန်ခန့်က အင်အားအပြည့်ပါတဲ့ စစ်ကားကြီး အစီး ၂၀ ခန့် ရန်ကုန်မြို့ကိုဖြတ်ပြီး သန်လျင်မြို့ဘက်သွားခဲ့ပြီးနောက် မနက် ၉ နာရီအချိန်ခန့်မှာ ကားအလွတ်တွေ ရန်ကုန်မြို့ထဲ ပြန်ဝင်လာခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ အောက်တိုဘာလ ၁၈ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်ခန့်တွင်လည်း အင်အားအပြည့်ပါတဲ့ စစ်ကားကြီးအစီး ၂၀ ခန့် လှိုင်သာယာမြို့နယ်ကိုဖြတ်ပြီး ဧရာဝတီတိုင်းဘက်ကို မောင်းနှင်သွားတာကို တွေ့ရတယ်လို့ ရန်ကုန်စောင့်ကြည့်ကဖော်ပြထားပါတယ်။
ပုံစာ – စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့တွေ ဧည့်စာရင်းလိုက်စစ်နေစဉ်


