မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့နိုင်ငံရေးဦးဆောင်မှုနဲ့ စစ်ကော်မရှင်ပြု လုပ်မဲ့အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ဖို့ တိုက်ပွဲတွေခပ်စိပ်စိပ်ဖော်ဆောင်နေတယ်လို့MSFCလက်အောက်ခံတပ်ဖွဲ့တခုဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ်ပြန်ပါတယ်။
MSRFရဲ့ စစ်ရေးဖော်ဆောင်မှု ၃နှစ်ပြည့် ကြေညာချက်ကို မနေ့က စက်တင်ဘာ ၁ ရက်မှာ ထုတ်ပြန်ခဲ့တာပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို စစ်ရေးအရ ဖိအားပေးနေတဲ့ အခြေအနေကို ထည့်သွင်း ဖော်ပြထားပါတယ်။
၂၀၂၂ ကနေ ၂၀၂၅ ဩဂုတ်အထိ တိုက် ပွဲ ၆၉ ကြိမ်ဖော်ဆောင်ထားနိုင်ခဲ့တဲ့အနက် ၂၀၂၂ မှာ တိုက်ပွဲ ၂ ကြိမ်၊ ၂၀၂၃ ခုနှစ်မှာ တိုက်ပွဲပေါင်း ၁၄ ကြိမ်၊၂၀၂၄ မှာ တိုက်ပွဲ ၂၂ကြိမ်၊ ၂၀၂၅ ဇန်နဝါရီကနေဩဂုတ်လအထိ တိုက်ပွဲ ၃၁ ကြိမ်ဖော်ဆောင်ထားနိုင်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၅ ဇန်နဝါရီကနေ သြဂုတ်အထိ စစ်ဆင်ရေးတွေကြောင့် စစ်ကော် မရှင်တပ်သား ၂၂၉ ဦးထက်မနည်း သေ ဆုံးပြီး ၅၇ ဦး ထက်မနည်း ထိခိုက်ဒဏ် ရာရခဲ့တယ်လို့ MSRF ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၃ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)ရဲ့ နိုင်ငံရေး ဦးဆောင်မှုကိုခံယူပြီး ကောင် စီရဲ့ကာကွယ်ရေးဌာနအောက်မှာ မွန်ပြည်အတွင်း စစ်ဒေသတွေဖြန့်ကျက်ကာ စစ်ရေးလှုပ်ရှားမှုတွေပိုမိုပြုလုပ်နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
MSFC ကာကွယ်ရေးဌာနအောက်မှာ MSRF နဲ့ ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF)တို့ အတူတကွ စစ်ရေးပူးပေါင်းဖော်ဆောင်လျက်ရှိနေတာပါ။
၂၀၂၄မတ်လ ကနေစပြီး ၂၀၂၅ သြဂုတ်လအထိ အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးရဲ့ သံဖြူဇရပ်-ရေး-ထားဝယ် လမ်းပိုင်း နေရာများအား မဟာမိတ်တော် လှန်ရေးတပ်တွေနဲ့အတူ ပူးပေါင်းထိန်းချုပ်ကာ စိုးမိုးလာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
MSRF အနေနဲ့ ၃ နှစ်တာ ကာလမှာမွန်ပြည်နယ်အတွင်းက မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ် နဲ့ရေးမြို့နယ်( တောင်ပိုင်း နှင့် မြောက်ပိုင်း)၊ တနင်္သာရီတိုင်းအတွင်းက ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ နဲ့ သရက်ချောင်းမြို့နယ်တို့မှာ ဖြန့်ကျက်ပြီး တော်လှန်ရေးပူးပေါင်း မဟာ မိတ်တပ်ဖွဲ့တွေနဲ့အတူ စစ်ဆင်ရေးတွေကို အရှိန်မြှင့် ဖော်ဆောင်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။
ဓာတ်ပုံ-MSRF


