ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး အေးသာယာမှာသြဂုတ်လ၂၄ရက်နေ့က အမျိုးသားတဦးကို ရွေးကောက်ပွဲဥပဒေနဲ့ စစ်ကော်မရှင်က အမှုဖွင့် ဖမ်းဆီးထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးခံခဲ့ရသူဟာ လားရှိုးကနေ စစ်ရှောင်ပြီး တောင်ကြီး အေးသာယာမှာ ရောက်ရှိနေထိုင်သူဖြစ်ကာ အမည်ရင်းကိုနေသွေး ဟာ Lashio Baegyi ဆိုတဲ့ FBအကောင့်နဲ့ လူမှုကွန်ရက်ပေါ်မှာ လားရှိုးမြို့ကဖြစ်ပွားတဲ့ ကားလုယက်မှုတွေအပေါ် ဝေဖန်ရေးသားရာမှာရွေးကောက်ပွဲ ပျက်ပြားစေဖို့ ရေးသားဖြန့်ဝေတဲ့အတွက်ဆိုပြီး စွပ်စွဲဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။
တောင်ကြီးမြို့နယ်၊ အေးသာယာနယ်မြေရဲစခန်းမှာကိုနေသွေးကို အထွေထွေရွေးကောက်ပွဲများကို နှောင့် ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေ ဥပဒေ ပုဒ်မ ၂၃(က)နဲ့ စစ်ကော်မရှင်က အမှုဖွင့်ဖမ်းဆီးထားတာပါ။
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ၂၃(က) ဟာ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ် ဒါမှမဟုတ် လုပ်ငန်းစဉ် တစ်စိတ် တစ်ဒေသကို ပျက်ပြားစေဖို့ ဟောပြောတာ ပြောဆိုတာ စည်းရုံးလှုံ့ဆော်တာ ဆန္ဒပြတာ စာရေးသားဖြန့်ချိတာတွေ လုပ်ရင် အနည်းဆုံး ထောင် ၃ နှစ်ကနေ အများဆုံး ထောင် ၇ နှစ်ထိ ချမှတ်ရနိုင်တယ်လို့ သိရပါတယ်။


