Homeပြည်တွင်းသတင်းထိုင်းနယ်စပ် မြဝတီမြို့မှာ စက်သုံးဆီမှောင်ခိုရောင်းချနေ၊ အွန်လိုင်းက ရောင်းချခြင်းများလည်း ရှိနေ

ထိုင်းနယ်စပ် မြဝတီမြို့မှာ စက်သုံးဆီမှောင်ခိုရောင်းချနေ၊ အွန်လိုင်းက ရောင်းချခြင်းများလည်း ရှိနေ

၁၅ ဩဂုတ် ၂၀၂၅

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ စက်သုံးဆီမှောင်ခိုရောင်းချတာတွေဟာ အခုရက်ပိုင်းအတွင်း ဆိုင်အရေအတွက် ၅၀ နီးပါးအထိရှိလာသလို အွန်လိုင်းကနေ ကြေညာပြီးရောင်းချတာမျိုးတွေအထိ ရှိနေတယ်လို့ မြဝတီမြို့ဒေသခံ သတင်းရင်းမြစ်က New Day Myanmar ကိုပြောပါတယ်။

မနေ့ ဩဂုတ် ၁၄ ရက်ကစပြီး မြဝတီမြို့မှာ စက်သုံးဆီပြတ်လပ်သွားတာကြောင့် ဆီဆိုင်အချို့ ပိတ်ထားရသလို ရောင်းချပေးသည့်ဆိုင်တွေကလည်း ခွဲတမ်းနဲ့ ရောင်းချပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ ဩဂုတ် ၁၅ ရက်မှာ ပိတ်ထားတဲ့ဆိုင်တွေပြန်ဖွင့်လာပေမယ့် ခွဲတမ်းနဲ့ရောင်းချပေးနေတာကြောင့် မလောက်ငဘဲ မှောင်ခိုဈေးကွက်ကနေ ဝယ်ယူအသုံးပြုနေရတာမျိုးတွေလည်းရှိတယ်လို့ သူက ပြောပါတယ်။

“အခုမြဝတီမှာ လမ်းဘေးမှောင်ခိုရောင်းတဲ့ဆိုင်တွေ ဆိုင်လေးငါးဆယ်မကဘူး၊ နေရာတိုင်းမှာဘဲ။ ဒီကြားထဲ အွန်လိုင်းကနေ ပေပါလိုက်ရောင်းတဲ့ သူတွေလည်းရှိနေတယ်။ ဟိုတခေါက်ဆီပြတ်တုန်းကလည်း ဒီအတိုင်းဘဲ။ အခုလည်း အဲလိုဖြစ်နေတယ်။”လို့ ဆိုပါတယ်။

မြဝတီမြို့မှာ ဖွင့်ထားတဲ့ တရားဝင်ဆီပန့်တွေမှာထည့်ရင် တလီတာကို ၆၀၀၀ ကျပ် ဝန်းကျင်ပေးဝယ်ရပြီး၊ မှောင်ခိုဈေးကွက်တွေမှာဝယ်ရင် တလီတာကို ကျပ် ၁၀၀၀၀အထိ ပေါက်ဈေးရှိနေတယ်လို့ ပြောပါတယ်။

မြဝတီမြို့ဟာ အရင်ထဲက ထိုင်းဘက်ကတင်သွင်းတဲ့ စက်သုံးဆီကိုသာ အဓိက အသုံးပြုနေရတာဖြစ်ပြီး၊ မနေ့ဩဂုတ် ၁၄ ရက်မှာ စက်သုံးဆီတင်သွင်းတာကို ထိုင်းဘက်က ပိတ်ပစ်လိုတာကြောင့် စက်သုံးဆီပြတ်လပ်သွားတာဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် မြဝတီမြို့မှောင်ခိုဈေးကွက်ရောင်းချနေသူတွေဟာ ဘားအံမြို့က ဆီဆိုင်တွေနဲ့ချိတ်ဆက်ပြီး ပေပါလိုက်ဝယ်လာကာ မြဝတီမြို့မှာ မှောင်ခိုရောင်းချနေတာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-ဘီဝမ်း

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး