စစ်ကော်မရှင်က ဖမ်းဆီးထားတဲ့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနဲ့ အဖွဲ့ဝင် ၁၀ ဦးကို အသင်းအဖွဲ့ဥပဒေ ပုဒ်မ ၄၀၊ ၄၁ တွေနဲ့ အမှုဖွင့်ကာထပ်တိုး တရားစွဲဖို့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အဲဒီ ထပ်တိုးတရားစွဲဆိုတာကို ရွှေပြည်သာမြို့နယ် အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ဦးစီးအရာရှိအပါအဝင် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ အရာရှိဆိုသူနဲ့ (Kingsrich Myanmar) စက်ရုံပိုင်ရှင်တို့ပူးပေါင်းပြီးတရားစွဲဆိုတာဖြစ်တယ်လို့ ကနဦး သိရပါတယ်။
“အလည က အသင်းအဖွဲ့ဥပဒေ ပုဒ်မ ၄၀၊ ၄၁ နဲ့အမှုထပ်ဖွင့်ဖို့ လုပ်ဆောင်နေတဲ့အတွက် ပြန်မလွှတ်ပေးသေးကြောင်း ကနဦး သတင်းများအရကြားသိရတယ်” လို့ STUM ကလည်း သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာမျှဝေထားပါတယ်။
ဒေါ်မျိုးမျိုးအေးအပါ ၁၀ဦးကို ပုဒ်မ ၅(၁)(စ)(ဆ)ဖြင့် သီးခြားစီ တရားစွဲဆိုထားပြီး မြို့နယ်တရားရုံး ၃ ရုံးမှာ ချုပ်ရီမန်ရယူထားတာဖြစ်ပါတယ်။
မနက်ဖြန် ဩဂုတ် ၁၄ ရက်မှာ STUM အဖွဲ့ဝင် ၂ ဦးဖြစ်တဲ့ ဂျွန်တူးမောင်ကို မြောက်ဥက္ကလာပမြို့နယ်တရားရုံးကဩဂုတ် ၁၄ ရက်မှာ ရုံးချိန်း ချိန်းဆိုထားပြီး၊ ဟေမာန်ဦးကိုလည်း အင်းစိန်မြို့ နယ်တရားရုံးက ဩဂုတ် ၁၄ ရက်မှာ အသီးသီး ရုံးချိန်း ချိန်းဆိုထားပါတယ်။
ဒေါ်မျိုးမျိုးအေးအပါအဝင် သင်းထက်စံ(ဒေါ်မျိုးမျိုးအေးသမီး)၊စုမြတ်နွယ်၊ မြင့်မြင့်ခိုင်၊ သီဟ၊ ဇော်ထိုက်၊ ကျော်သက်နိုင်၊ ဇော်ဆန်းနိုင်တို့ ၈ ဦးကို ဩဂုတ် ၂၀ ရက်က ရွှေပြည်သာမြို့နယ်တရားရုံးက ဒုတိယအကြိမ်ရုံးချိန်း ချိန်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်၂၅ ရက်နေ့ ၉ နာရီခွဲအချိန်မှာ ဒေါ်မျိုးမျိုးအေးနဲ့ အဖွဲ့ဝင်တွေဟာသူမရဲ့နေအိမ်မှာဖမ်းဆီးခံရတာဖြစ်ပြီးအောင်သပြေစစ်ကြောရေး ၉မိုင်အနီး အကူ (၁)မှာ သြဂုတ် ၅ရက်နေ့ နံနက်အထိထိန်းသိမ်းချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
အဲဒီနောက် သြဂုတ် ၅ ရက် မနက်ပိုင်းမှာ အောင်သပြေစစ်ကြောရေးကိုပို့ ဆောင်ပြီးနောက် ညနေပိုင်းမှာ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ အင်းစိန်မြို့နယ်တို့ကိုအသီးသီးလွှဲပြောင်းပို့ဆောင်ပြီးတရားစွဲဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-STUM


