Homeပြည်တွင်းသတင်းလသာမြို့နယ်ထဲက KTV တစ်ခုမှာတရုတ်နိုင်ငံသားတဦးသေနတ်နဲ့ ပစ်သတ်ခံရ

လသာမြို့နယ်ထဲက KTV တစ်ခုမှာတရုတ်နိုင်ငံသားတဦးသေနတ်နဲ့ ပစ်သတ်ခံရ

၁၁ ဩဂုတ် ၂၀၂၅

ရန်ကုန်မြို့ လသာမြို့နယ် ရွှေတိဂုံဘုရားလမ်းမပေါ်က Yangon Tanlwin ဟိုတယ်ပထမထပ်မှာ ဖွင့်လှစ်ထားတဲ့ နယူးပါတီ KTV မှာ သြဂုတ် ၁၀ ရက် ညနေ ၃ နာရီက တရုတ်နိုင်ငံသားတဦးသေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

နယူးပါတီ KTV အခန်းအမှတ် N -02 မှာ ရောက်နေတဲ့ အသက် ၅၀ အရွယ် တရုတ်နိုင်ငံသားကို အမည်မသိ အမျိုးသားနှစ်ယောက်က အခန်းအတွင်းကို ဝင်လာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

“ဖြစ်စဉ်ကမှန်ပါတယ်၊ စုံစမ်းနေပါတယ်။ လောလောဆယ်အဲဒီလောက်ဘဲ ပြောလို့ရမယ်”လို့ လသာမြို့နယ် ရဲတပ်ဖွဲ့နီးစပ်သူတဦးက New Day Myanmar ကိုပြောပါတယ်။

‌သေနတ်ဒဏ်ရာကြောင့်သေဆုံးခဲ့တဲ့ တရုတ်နိုင်ငံသားဟာ အသက် ၅၀ အရွယ် ဟော်ချွမ်းမြန်(ခ)အိုက်မြင့်ဆိူသူဖြစ်ပြီး ၎င်းပျော်ပါးစားသောက်နေတဲ့ အခန်းထဲက အမေရိကန်နိုင်ငံထုတ် သေနတ်တလက်နဲ့ ကျည်အိမ်နှစ်ခု သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။

လတ်တလောမှာ ရဲတပ်ဖွဲ့က သေဆုံးသူမှာ တရုတ်နိုင်ငံသားရဲ့ နောက်ကြောင်း ရာဇဝင်စုံစမ်းနေတဲ့အပြင် တရုတ်သံရုံးကိုဆက်သွယ်ပြီး စုံစမ်းတာတွေလုပ်နေတယ်လို့ သိရတယ်။

ဆက်စပ် သတင်းများ

Most Read