Homeနိုင်ငံတကာသတင်းအီကွေဒေါမူးယစ်ဂိုဏ်းတွေဖြိုခွင်းဖို့ အမေရိကန်က စစ်ဆင်ရေးစတင်

အီကွေဒေါမူးယစ်ဂိုဏ်းတွေဖြိုခွင်းဖို့ အမေရိကန်က စစ်ဆင်ရေးစတင်

၄ မတ် ၂၀၂၆၊ New Day Myanmar

အီကွေဒေါနိုင်ငံအတွင်း လှုပ်ရှားနေတဲ့ မူးယစ်ဆေးဝါးကုန်ကူးဂိုဏ်းတွေကို နှိမ်နင်းဖို့ အမေရိကန်နဲ့ အီကွေဒေါတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ဆင်ရေးတွေ စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အမေရိကန်ရဲ့ ပင်လယ်ပြင် မူးယစ်ဆေးဝါးတားဆီးရေး စစ်ဆင်ရေးတစ်ခုဖြစ်တဲ့ Operation Pacific Viper ကို အခြေခံပြီး အခုအခါ အီကွေဒေါနိုင်ငံအတွင်း

စစ်ဆင်ရေးအထိ တိုးချဲ့လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ် United States Southern Command ကတော့ အီကွေဒေါလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးကုန်ကူးဂိုဏ်းတွေကို နှိမ်နင်းနေကြောင်း ထုတ်ပြန်ထားပါတယ်။

SOUTHCOM တပ်မှူး Marine ဗိုလ်ချုပ် Francis L. Donovan က “မူးယစ်အကြမ်းဖက်အဖွဲ့တွေကို တိုက်ဖျက်ရာမှာ အီကွေဒေါတပ်ဖွဲ့တွေရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုပါတယ်” လို့ ပြောကြားထားပါတယ်။

အီကွေဒေါမှာ မူးယစ်ဂိုဏ်းတွေ အင်အားကြီးလာပြီး လုံခြုံရေးအခြေအနေ ဆိုးရွားလာတာကြောင့် သမ္မတ Daniel Noboa က နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး လက်ရှိမှာ “ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ” အဆင့်အထိ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

အမေရိကန်အစိုးရက အီကွေဒေါရှိ မူးယစ်ဂိုဏ်းတွေဖြစ်တဲ့ Los Lobos နဲ့ Los Choneros တို့ကို “အကြမ်းဖက်အဖွဲ့အစည်းများ” အဖြစ် သတ်မှတ်ထားပြီး စစ်ရေးနည်းလမ်းတွေ အသုံးပြုကာ နှိမ်နင်းနိုင်အောင် ဥပဒေအရ လမ်းဖွင့်ထားပါတယ်။

အမေရိကန်ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးတွေဟာ ကာရစ်ဘီယံနဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်း မူးယစ်မှောင်ခိုသင်္ဘောတွေကို ပစ်မှတ်ထားပြီး ၄၅ ကြိမ်ခန့် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

အီကွေဒေါအတွင်း လက်ရှိ စစ်ဆင်ရေးတွေဟာ အမေရိကန်ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မူဝါဒဟာ စစ်ရေးအသွင်ပြောင်းလာတဲ့ အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။

Related News

Most Read