Homeပြည်တွင်းသတင်းဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ကမ္ဘာ့စွမ်းအင်အကျပ်အတည်း ပိုမိုဆိုးရွာလာ

ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ကမ္ဘာ့စွမ်းအင်အကျပ်အတည်း ပိုမိုဆိုးရွာလာ

၂၅ မတ်လ ၂၀၂၆ | New Day Myanmar

ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံထားရမှုကြောင့် ကမ္ဘာ့ရေနံနဲ့ လောင်စာဆီဈေးကွက်မှာ ဖိအားပိုမိုမြင့်တက်လာနေပြီး ကမ္ဘာ့စွမ်းအင်အကျပ်အတည်း ပိုမိုပြင်းထန်လာတယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။ ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံစီးဆင်းမှု အဓိကလမ်းကြောင်းဖြစ်ပြီး ပိတ်ဆို့မှုကြာရှည်လာလေ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်အပေါ် သက်ရောက်မှု ပိုမိုကြီးမားလာလေလို့ စွမ်းအင်လုပ်ငန်းဆိုင်ရာ သတင်းတွေနဲ့ သုံးသပ်ချက်တွေမှာ ဖော်ပြထားပါတယ်။

American Petroleum Institute (API) ရဲ့ အမှုဆောင်အရာရှိချုပ် Mike Sommers ကလည်း ဟော်မုဇ်ရေလက်ကြားကို အမြန်ဆုံး ပြန်ဖွင့်နိုင်ရေးဟာ လက်ရှိမြင့်တက်နေတဲ့ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ဈေးနှုန်းတွေကို ထိန်းချုပ်ဖို့ အရေးအကြီးဆုံးအချက်ဖြစ်တယ်လို့ ပြောထားပါတယ်။ သူက ဒီရေလက်ကြားအတွက် အစားထိုးလမ်းကြောင်း မရှိသလောက်ပဲလို့လည်း ပြောဆိုထားပါတယ်။

လက်ရှိပိတ်ဆို့မှုကြောင့် ကမ္ဘာ့ရေနံဈေးကွက်မှာ မတည်ငြိမ်မှု ဆက်ရှိနေပြီး Brent ရေနံဈေးဟာ မတ်လအစပိုင်းမှာ တစ်စည်ကို ၁၁၉.၅၀ ဒေါ်လာအထိ တက်ခဲ့သလို နောက်ပိုင်းမှာလည်း ၁၀၀ ဒေါ်လာဝန်းကျင် အထက်မှာ ဆက်လက်ရှိနေခဲ့ပါတယ်။ ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုဟာ ကမ္ဘာ့ရေနံထုတ်လုပ်မှု ၂၀ ရာခိုင်နှုန်းဝန်းကျင် စီးဆင်းရာ လမ်းကြောင်းကို ထိခိုက်စေတာကြောင့် ရေနံ၊ ဒီဇယ်၊ လေယာဉ်ဆီနဲ့ သဘာဝဓာတ်ငွေ့ဈေးနှုန်းတွေ တပြိုင်နက်တည်း မြင့်တက်လာစေတယ်လို့ Reuters က ဖော်ပြထားပါတယ်။

အထူးသဖြင့် အာရှဈေးကွက်မှာ သက်ရောက်မှု ပိုမြန်နေပြီး စင်ကာပူ လေယာဉ်ဆီဈေးဟာ မတ်လ ၁၉ ရက်မှာ စံချိန်တင် မြင့်တက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီဇယ်ထောက်ပံ့မှုလည်း ထိခိုက်နေပြီး ဟော်မုဇ်ပိတ်ဆို့မှုကြောင့် ကမ္ဘာ့ဒီဇယ်သုံးစွဲမှုရဲ့ ၅ ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းအထိ ထိခိုက်နိုင်တယ်လို့ စွမ်းအင်ဆိုင်ရာ သုံးသပ်ချက်တွေက ဆိုပါတယ်။

ဥရောပနဲ့ အာရှနိုင်ငံတွေကလည်း ဒီရေလက်ကြား ပြန်ဖွင့်နိုင်ရေးကို တောင်းဆိုနေကြပြီး ဥရောပသမဂ္ဂက ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ဖို့နဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို ထပ်မံမတိုက်ခိုက်ဖို့ တိုက်တွန်းထားပါတယ်။ ဂျပန်အပါအဝင် နိုင်ငံတချို့ကလည်း စွမ်းအင်ဈေးနှုန်းတည်ငြိမ်ရေးနဲ့ ရေလမ်းလုံခြုံရေးအတွက် ပူးပေါင်းကူညီဖို့ အသင့်ရှိတယ်လို့ ပြောထားပါတယ်။

တစ်ဖက်မှာတော့ ဟော်မုဇ်ပိတ်ဆို့မှု ရေရှည်ဆက်သွားရင် ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို နှေးကွေးစေနိုင်တယ်လို့ ADNOC အမှုဆောင်အရာရှိချုပ် Sultan Al Jaber က သတိပေးထားပါတယ်။ စွမ်းအင်လုံခြုံရေး မတည်ငြိမ်လာတာနဲ့အမျှ စက်မှုကုန်ထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ လေကြောင်းခရီးစဉ်တွေမှာပါ ထိခိုက်မှုတွေ တိုးလာနိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

လက်ရှိအခြေအနေအရ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်နိုင်ရေးဟာ ကမ္ဘာ့စွမ်းအင်ဈေးကွက် တည်ငြိမ်ဖို့အတွက် အဓိကသော့ချက်ဖြစ်လာနေပြီး ပိတ်ဆို့မှုကြာလာသရွေ့ ရေနံနဲ့ လောင်စာဆီဈေးနှုန်းတွေ ဆက်လက်တက်နေမယ့် အလားအလာရှိတယ်လို့ စွမ်းအင်လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး