စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ အာဆီယံခေါင်းဆောင်တွေ ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ တွေ့ဆုံကြပြီး ငလျင်ဘေး ဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စများကို ဆွေးနွေးကြမယ်အပေါ် NUG၊KNU အပါအဝင် အဖွဲ့အစည်း ခုနှစ် ခုကကန့်ကွက်ကြောင်း ဒီနေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။
ပြည်သူတွေကို နည်းလမ်းပေါင်းစုံနဲ့ သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ကို မြေငလျင်ဘေးဒဏ်သင့် ပြည်သူ အတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုတဲ့ အကြောင်းပြချက်နဲ့ အာဆီယံခေါင်း ဆောင်တွေက တွေ့ဆုံဆွေးနွေးမယ့်အပေါ် မိမိတို့အနေနဲ့ များစွာအထူးစိုးရိမ်မကင်း ဖြစ်မိတယ် လို့ဆို ထားပါတယ်။
လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို တိုင်းပြည် နယ်နိမိတ်စုစုပေါင်းရဲ့ (၂၂)ရာခိုင်နှုန်းကိုသာ စိုးမိုးထိန်းချုပ်စီမံအုပ်ချုပ်နိုင်တဲ့ စစ်အုပ်စုထံ တိုက်ရိုက် ဆက်ဆံပေးအပ်ခြင်းမဟုတ်ဘဲ အမျိုးသားညီညွတ် ရေးအစိုးရ နဲ့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်စီမံအုပ်ချုပ်ထားတဲ့ နယ်မြေတွေက ပါဝင်ပတ်သက်သူ အစုအဖွဲ့ တွေအားလုံးနဲ့ ချိတ်ဆက်ပေးအပ်ထောက်ပံ့ရန် လိုအပ်တယ်လို့ ပြောဆို ထား ပါတယ်။
စစ်အုပ်စုအနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅)ချက်ပါ အခြေခံအချက် တခုဖြစ်တဲ့ အကြမ်းဖက်မှု တွေကို ချက်ချင်းရပ်တန့်ရေးဆိုတဲ့ မူအပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရှေ့မှောက်မှာ လိုက်နာရန် သဘော တူညီခဲ့မှုအား ပြောင်ပြောင်တင်းတင်းချိုး ဖောက်နေတဲ့ တရားခံ ဖြစ်တယ်လို့လည်း ထောက်ပြ ပြောဆိုထားပါတယ်။
အာဆီယံခေါင်းဆောင်တွေ အနေနဲ့ လူသားခြင်းစာနာထောက်ထားတဲ့ အကူအညီတွေကို ခွဲခြား ဆက်ဆံမှုမရှိ ၊ ဘက်မလိုက်ဘဲ Humanitarian Principles တေံနဲံအညီ ထိရောက်စွာအကူအညီပေးနိုင်ရေးအတွက် ဆောင် ရွက်ရာမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် က တဆင့်ပေးအပ်မယ်ဆိုပါက လူသားချင်းစာနာ ထောက်ထား မှုအကူအညီတွေမှာ နိုင်ငံရေးအရ အလွဲ အသုံးချမယ့် အန္တရာယ်ကို မလွဲမသွေတွေ့ကြုံရမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – NUG