Homeပြည်တွင်းသတင်းရန်ကုန်က မြို့နယ်တစ်ချို့မှာ စစ်မှုမထမ်းလိုတဲ့သူတွေ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို တစ်လ ကျပ် ၃၀၀၀၀ ပေးနေရ

ရန်ကုန်က မြို့နယ်တစ်ချို့မှာ စစ်မှုမထမ်းလိုတဲ့သူတွေ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို တစ်လ ကျပ် ၃၀၀၀၀ ပေးနေရ

၁၇ ဖေဖော်ဝါရီ၊ ၂၀၂၅

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တစ်ချို့မှာ စစ်မှုထမ်းအမည်စာရင်းပါဝင်နေပြီး စစ်မှုမထမ်းလိုသူတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်အလိုက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို လစဉ် ကျပ် ၃၀၀၀၀ ပေးနေရတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

တချို့သောမြို့နယ်ရပ်ကွက်တွေမှာ စစ်မှုထမ်းစာရင်းပါဝင်ပြီး စစ်မှုမထမ်းလိုတဲ့ သူတွေနေရာမှာ လူစားထိုး စနစ်နဲ့ ဆောင်ရွက်နေသလို လစဉ်တစ်လ ၅ သိန်းထောက်ပံ့ပေးရတယ်လို့လည်း သိရပါတယ်။

” စစ်မှုထမ်းမလိုက်ချင်တဲ့သူတွေက ပိုက်ဆံပေးရတယ်။ တစ်လသုံးသောင်း လစဉ်ပေါ့။ ရပ်ကွက်ထဲက ဆေးသမားတွေရှိတယ်။ တချို့အလုပ်အကိုင်မရှိတဲ့သူတွေ လိုက်တာများတယ်။ သူတို့ကိုထောက်ပံ့ပေး ရတာပေါ့။ အုပ်ချုပ်ရေးမှူးကပဲ လုပ်ပေးတာ။ သူ့လည်းပိုက်ဆံပေးရတယ်” လို့ သာကေတမြို့နယ်တွင် နေထိုင်သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ တပ်သားလိုအပ်ချက်တွေရှိနေတဲ့ အတွက် စစ်မှုထမ်းစာရင်းကို ပြင်းပြင်းထန်ထန်လိုက် ကောက်နေသလို တချို့သော မြို့နယ်တွေမှာပိုက်ဆံပေးရုံနဲ့ စစ်မှုထမ်းမလိုက်ရဘူးလို့ လည်း စုံစမ်းသိရှိ ရပါတယ်။

” စစ်မှုထမ်းစာရင်းပါမပါက အုပ်ချုပ်ရေးမှူးနဲ့ပဲဆိုင်တယ်။ ဒီဘက်တွေမှာကျ ပိုက်ဆံပေးလိုက်ရင်ရပြီ။ နာမည်စာရင်းကနောက်ရောက်သွားတာပေါ့။ အခုနောက်ပိုင်း စစ်မှုထမ်းစာရင်းတွေက လူစားထိုးစနစ်နဲ့ပဲ သတ်မှတ်လူဦးရေပြည့်အောင် အုပ်ချုပ်ရေးမှူးက ထည့်ပေးလိုက်တာများတယ်” လို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက‌ New Day Myanmar ကိုပြောပါတယ်။

ဒါ့ပြင် စစ်မှုထမ်းနည်းဥပဒေထွက်လာပြီးနောက်ပိုင်း စစ်မှုထမ်းစာရင်းကို စစ်ကောင်စီအုပ်ချုပ်ရေးမှူးတွေက ပြင်းပြင်းထန်ထန်လိုက်လံကောက်ယူလျက်ရှိနေကြောင်းနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းတွင်း ဒေါပုံမြို့နယ်မှာ စစ်မှုထမ်း စာရင်းလာကောက်တဲ့ ရာအိမ်မှူးအပါအဝင် သုံးဦးကိုဓာတ်ဆီလောင်းမီးရှို့ခဲ့ တယ့်ဖြစ်စဉ်တစ်ခုဖြစ်ပွား ခဲ့ပါသေးတယ်။

စစ်မှုထမ်းဥပဒေကြောင့် ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာ၊ မြို့နယ်၊ ရပ်ကွက်တွေမှာ ညနေစောင်းချိန်တွေမှာ လူသူရှင်းလင်းလျက်ရှိပြီး နေ့စဉ်နေထိုင်မှုဘဝ လုံခြုံမှုမရှိတော့သလို ခံစားရတယ်လို့ ရပ်ကွက်နေပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read