Homeပြည်တွင်းသတင်းစစ်အာဏာရှင်လက်အောက်ကလွတ်မြောက်ဖို့ ဒေသစွဲဖျောက်ပြီး တိုက်ပွဲဝင်ဖို့ NUG ယာယီသမ္မတ တိုက်တွန်း

စစ်အာဏာရှင်လက်အောက်ကလွတ်မြောက်ဖို့ ဒေသစွဲဖျောက်ပြီး တိုက်ပွဲဝင်ဖို့ NUG ယာယီသမ္မတ တိုက်တွန်း

၂၁ ဇန်နဝါရီ၊ ၂၀၂၅

တစ်နိုင်ငံလုံး စစ်အာဏာရှင်အောက်ကလွတ်မြောက်ဖို့အတွက် ဒေသစွဲစိတ်ကိုဖျောက်ပြီး တစ်နိုင်ငံလုံးအရေးအတွက် တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ဖို့ အသင့်ရှိနေစေချင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းသွားပါတယ်။

ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်းမှာ ကျင်းပတဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ လက်ရှိ ဆင်နွှဲနေတဲ့ တော်လှန်ရေးဟာ ခုခံတော်လှန်စစ်ဖြစ်သလို၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးဖြစ်တယ်။ ဒေသစွဲစိတ်နဲ့ ကိုယ့်နေရာ ကွက်ကွက်လေးကိုပဲ ကာထားရုံနဲ့ ကျေနပ်တင်းတိမ်ရမယ့် အခြေအနေ မဟုတ်ဘူးဆိုတာ နားလည်ဖို့ လိုပါတယ်။ ဒါ့ကြောင့် တစ်နိုင်ငံလုံး၊ တစ်ပြည်လုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးအတွက် မိမိတို့ ဒေသစွဲစိတ်ကို ဖျောက်ပြီး၊ တစ်နိုင်ငံလုံးအရေးအတွက် ဘယ်နေရာဒေသမှာ မဆို တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်နိုင်ဖို့ အမြဲ အသင့်ရှိနေစေချင်ပါတယ်” လို့ ယာယီသမ္မတက ပြောဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်အင်အားအချိနဲ့ဆုံးအချိန်ဖြစ်တယ်လို့ ဆိုပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ အမြင်မှန်ရရှိဖို့နဲ့ ပြည်သူဘက်ကို အလုံးအရင်းနဲ့ ပါဝင်လာဖို့ တွန်းတွန်းတိုက်တိုက်အလုပ်လုပ်ရမယ်လို့လည်း သူက ပြောဆိုပါတယ်။

တစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ အမိန့်ပေးကွပ်ကဲမှု အောက်က PDFတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေကို ညီညွတ်အောင် ဆက်လက်တည်ဆောက်နေဖို့လည်း လိုတယ်လို့ ပြောဆိုလိုက်ပြီး “လက်နက်ကိုင် တော်လှန်ရေးဟာ တစ်ယောက်တစ်ပေါက်ဖြစ်နေလို့ မရဘူးလို့ ပြောချင်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း စုစည်းညီညွတ်မှုဆိုတာကို နိုင်ငံရေးအရ တည်ဆောက်မှုအပြင် စစ်ရေးအရ လက်တွေ့ကျကျ တည်ဆောက်နိုင်အောင် ဆက်လက်ကြိုးစားဖို့ တိုက်တွန်းချင်ပါတယ်” လို့ ထည့်သွင်းပြောဆိုသွားပါတယ်။

ဓာတ်ပုံ – NUG

ဆက်စပ် သတင်းများ

Most read