Homeပြည်တွင်းသတင်းထိုင်းမှာကျင်းပမယ့် မြန်မာ့အရေးအလွတ်သဘောအစည်းအဝေးဟာ မြန်မာနိုင်ငံအတွက် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အတွက် အထောက်အကူဖြစ်နိုင်ကြောင်း လာအိုပြော

ထိုင်းမှာကျင်းပမယ့် မြန်မာ့အရေးအလွတ်သဘောအစည်းအဝေးဟာ မြန်မာနိုင်ငံအတွက် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အတွက် အထောက်အကူဖြစ်နိုင်ကြောင်း လာအိုပြော

၂ ဒီဇင်ဘာ ၂၀၂၄

ထိုင်းနိုင်ငံမှာ ပြုလုပ်သွားမယ့် မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲဟာ မြန်မာနိုင်ငံအတွက် အာဆီယံအဖွဲ့ကြီးက အဆိုပြုထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အထောက်အကူဖြစ်နိုင်ကြောင်း လာအိုနိုင်ငံက အာဆီယံဌာန ဒါရိုက်တာချုပ် Chatoulong Bouasisavath က ပြောဆိုပါတယ်။

မကြာသေးမီက ကျင်းပခဲ့တဲ့ ၈ ကြိမ်မြောက် အာဆီယံ မီဒီယာဖိုရမ်မှာ သူက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ဒီဖိုရမ်မှာ မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို သုံးသပ်နေပြီး အာဆီယံက တောင်းဆိုထားတဲ့အထဲမှာ မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်နိုင်ဖို့ ၊ အဖွဲ့အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ဖို့ ၊ အာဆီယံရဲ့ အထူးကိုယ်စားလှယ်ခန့်အပ်ဖို့နဲ့ မြန်မာနိုင်ငံက အဖွဲ့စုံကို ဒီအထူးကိုယ်စားလှယ်က လာရောက်တွေ့ဆုံနိုင်ဖို့တွေလည်း ပါဝင်ပါတယ်။

အလွတ်သဘောဆွေးနွေးမှုမှာ “ဒီအစည်းအဝေးက အာဆီယံက အဆိုပြုထားတဲ့ အချက်ငါးချက်ကို ဆန့်ကျင်မှာ မဟုတ်ပေမယ့် အာဆီယံအဖွဲ့ဝင် အချင်းချင်း လျှို့ဝှက်ချက်တွေ မရှိလို့ အကောင်အထည်ဖော်ဖို့ အထောက်အပံ့ဖြစ်မှာပါ” လို့ Chatoulong Bouasisavath က ဆိုပါတယ်။

အခုလအတွင်း အာဆီယံနိုင်ငံတွေကြား မြန်မာ့အရေးကို အလွတ်သဘောဆွေးနွေးမှုကို ထိုင်းနိုင်ငံမှာ ပြုလုပ်ဖို့ ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ်ထရာက အဆိုပြုခဲ့တာ ဖြစ်ပြီး အာဆီယံအဖွဲ့ဝင် အားလုံးက သဘောတူညီခဲ့ကြပါတယ်။

အလွတ်သဘောဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၀ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ပြောပါတယ်။ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်ကို ICC က ဖမ်းဝရမ်းထုတ်မယ့်အပေါ် သတင်းထောက်တွေက မေးမြန်းရာမှာ ထိုင်းနိုင်ငံဟာ ICC အဖွဲ့ဝင်ဖြစ်ခြင်းမရှိပေမယ့် လက်ရှိ အခြေအနေတွေရဲ့ ထိလွယ်ရှလွယ်မှုကို သိရှိထားကြောင်း Nikorndej က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က မြန်မာရေတပ်ရဲ့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် ထိုင်းငါးဖမ်းစက်လှေက ထိုင်းနိုင်ငံသားတစ်ဦး သေဆုံးပြီး ထိုင်းနိုင်ငံသား ၄ဦး ဖမ်းဆီးခံထားရတဲ့အတွက် ဒီလူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်နဲ့အတူ ထိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ တောင်းဆိုထားပြီး စစ်ကောင်စီဘက်က ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။

ပုံစာ – ၈ ကြိမ်မြောက်အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သတ်ပြီး လာအိုဆွေးနွေးစဉ်

Photo – ဘန်ကောက်ပို့စ်

ဆက်စပ် သတင်းများ

Most read