Homeပြည်တွင်းသတင်းကုလ လူ့အခွင့်အရေးကိုယ်စားလှယ် နဲ့ NUG လူ့အခွင့်အရေးဒုဝန်ကြီး ၊ NUG ဩစတြေးလျကိုယ်စားလှယ်တို့ တွေ့ဆုံ

ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် နဲ့ NUG လူ့အခွင့်အရေးဒုဝန်ကြီး ၊ NUG ဩစတြေးလျကိုယ်စားလှယ်တို့ တွေ့ဆုံ

၁၁ အောက်တိုဘာ၊ ၂၀၂၄

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mr.Tom Andrews နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၊ သြစတေးလျနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ CRPH /NUG Support Group Ausrialia National Team တို့ သြစတေးလျနိုင်ငံ ကင်ဘရာမြို့မှာ အောက်တိုဘာ ၁၀ ရက်က တွေ့ဆုံပါတယ်။

ဒီတွေ့ဆုံပွဲမှာ Mr. Tom Andrews က အကြမ်းဖက်စစ်အုပ်စုကို လက်နက်ခဲယမ်း တင်ပို့ရောင်းချမှုတချို့ကို တားဆီးနိုင်ခဲ့ပြီး ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ စင်ကာပူနိုင်ငံက စစ်ကောင်စီကို ပံ့ပိုးနေမှုကို ၉၀%နီးပါးထိ လျော့ချနိုင်ခဲ့ပြီး လေယာဉ်ဆီ တင်ပို့ရောင်းချမှုက ဗီယက်နမ်က အဓိကတင်ပို့ရောင်းချနေတာကြောင့် ဗီယက်နမ်အစိုးရအနေနဲ့ ပိတ်ဆို့အရေးယူဖို့ တိုက်တွန်းပြောကြားသွားမယ်လို့ ပြောဆိုပါတယ်။

ဩစတေးလျအစိုးရကိုလည်း အကြမ်းဖက်စစ်အုပ်စုကို ပိတ်ဆို့အရေးယူဖို့ တိုက်တွန်းပြောကြားခဲ့ကြောင်းနဲ့ သြစတေးလျနိုင်ငံအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို Universal Jurisdiction ကတဆင့် အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့ကြောင်း Mr. Tom Andrews က ဆိုပါတယ်။ မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာမှုအကူအညီပေးဖို့ NUG နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ချိတ်ဆက်ကူညီဆောင်ရွက်မှ အမှန်တကယ်လိုအပ်တဲ့နေရာတွေကို ရောက်မှာ ဖြစ်တယ်လို့လည်း သူက ပြောဆိုပါတယ်။

စစ်ကောင်စီက ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်ပြီး နိုင်ငံတကာက ကန့်ကွက်ဖို့ လုပ်ဆောင်သင့်ကြောင်း၊ အကြမ်းဖက်စစ်အုပ်စုကို လေယာဉ်ဆီတင်ပို့နေတဲ့ ကုမ္ပဏီ အဖွဲ့အစည်းတွေကို အသေးစိတ်စုံစမ်းစစ်ဆေးပြီး ဖိအားပေးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

မြန်မာ့အရေးအပေါ် တရုတ်အစိုးရက စွက်ဖက်မှုကိုလည်း နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို တခြားနိုင်ငံက စွက်ဖက်နေတဲ့အတွက် ကန့်ကွက်ကြောင်း၊ ဂျပန်နိုင်ငံအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို သံတမန်ဆက်ဆံရေးလျော့ချလာအောင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တိုက်တွန်းနိုင်ခဲ့ကြောင်း စတဲ့ မြန်မာနိုင်ငံနဲ့ပတ်သတ်တဲ့ ဆောင်ရွက်ခဲ့မှုတွေနဲ့ တိုးတက်လာမှုတွေကို ပြောကြားသွားတယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Photo – NUG

ဆက်စပ် သတင်းများ

Most read