Homeပြည်တွင်းသတင်းမန္တလေးတိုင်း မြို့နယ်သုံးခုကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လေကြောင်းနဲ့လက်နက်ကြီးသုံး တိုက်ခိုက်တာကြောင့် တရက်ထဲ လူ ၇ ဦးသေဆုံး

မန္တလေးတိုင်း မြို့နယ်သုံးခုကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လေကြောင်းနဲ့လက်နက်ကြီးသုံး တိုက်ခိုက်တာကြောင့် တရက်ထဲ လူ ၇ ဦးသေဆုံး

၁ စက်တင်ဘာ၊ ၂၀၂၄

မန္တလေးတိုင်းက စဥ့်ကူး၊ သပိတ်ကျင်းနဲ့ နွားထိုးကြီးမြို့နယ်တွေကို စစ်ကောင်စီဘက်က တိုက်ပွဲမရှိဘဲ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာ ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လုပ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဩဂုတ်လ ၃၁ ရက်၊ နေ့လည် ၁ နာရီခွဲဝန်းကျင်မှာ သပိတ်ကျင်းမြို့နယ် ၊ ဇရပ်ကွင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တဲ့အတွက် ၃ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

“တိုက်ပွဲမရှိပါဘူး။ ဒီတိုင်း လာဗုံးကြဲတာ ။ စစ်ရှောင်တစ်ယောက်၊ ဗုံးထိတဲ့အိမ်က အိမ်ရှင့်သားတစ်ယောက် ၊ သက်ကြီးပိုင်းတစ်ယောက် သေတယ်၊ တယောက်က ဒဏ်ရာရတယ်၊ အခု ဇရပ်ကွင်းရွာကလူတွေပါ စစ်ရှောင်နေရတယ်” လို့ ဇရပ်ကွင်းကျေးရွာဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဩဂုတ်လ ၃၁ ရက် ညနေပိုင်းမှာ စဥ့်ကူးမြို့နယ်က သီလှရွာနဲ့ ကြို့ပင်ကျေးရွာအား ကျောက်မြောင်းမြို့က စစ်ကောင်စီ အမှတ်(၁၂) ခြေမြန်တပ်ရင်း လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် သီလှရွာ ဒေသခံပြည်သူ၃ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ညနေ ၄ နာရီပိုင်းမှာ ပစ်ခတ်တာဖြစ်ပြီး ပြည်စိုးအောင်ရပ်ကွက် သစ်လွင်ဆီဆိုင်က နေအိမ်အနောက်ဘက်နဲ့ လက်ဖက်ရည်ဆိုင်ရှေ့မှာ လက်နက်ကြီး ကျည်တွေ ကျခဲ့တယ်လို့ ဒေသတွင်း သတင်းအရ သိရပါတယ်။

ဩဂုတ်လ ၃၁ ရက် ည ၈ နာရီဝန်းကျင်မှာ နွားထိုးကြီးမြို့နယ်၊ မန်ကျီးကုန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဘုန်းကြီးကျောင်း ပျက်စီးသွားပြီး သံဃာတစ်ပါးနဲ့အမျိုးသား ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၃၁ရက် နံနက် ၁နာရီခွဲဝန်းကျင်မှာ နွားထိုးကြီးမြို့နယ်၊ ထနောင်းပင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးသီးတစ်လုံးချတိုက်ခိုက်ခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဩဂုတ်လ ၃၁ ရက် တစ်ရက်ထဲမှာ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်၊ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၇ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ပုံ – သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံရတဲ့မြင်ကွင်း/ ပုံ- ရောင်နီနွေဦး

ဆက်စပ် သတင်းများ

Most read