Homeပြည်တွင်းသတင်းမြောင်က တရားစခန်းကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်၊ သံဃာတော ၁ ပါး အပါအဝင် ၁၂ ဦး သေဆုံး

မြောင်က တရားစခန်းကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်၊ သံဃာတော ၁ ပါး အပါအဝင် ၁၂ ဦး သေဆုံး

ဩဂုတ် ၂၁၊ ၂၀၂၆ | New Day Myanmar

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာက ဘုန်းကြီးကျောင်းမှာ ဖွင့်လှစ်ထားတဲ့ တရားစခန်းကို စစ်အုပ်စုတပ်က ဒီနေ့ ဩဂုတ် ၂၁ ရက် မနက်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်အပါအဝင် ဒေသခံ ၁၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဒေသခံအဖွဲ့တွေက ပြောပါတယ်။

မြောင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အဆိုအရ ဒီနေ့ မနက် ၉ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ တံတားဦးဘက်က ပျံတက်လာတဲ့ ဂျက်ဖိုက်တာတစ်စင်းက ဆွဲလဲအိုကျေးရွာဘုန်းကြီးကျောင်းဝင်းကို နှစ်ကြိမ် ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။

ဗုံးတစ်လုံးဟာ တရားစခန်းဝင်နေသူတွေရှိတဲ့ ဘုန်းကြီးကျောင်းပေါ် ကျရောက်ခဲ့ပြီး နောက်တစ်လုံးက ဘုန်းကြီးကျောင်းအနောက်ဘက် လူနေအိမ်တစ်လုံးပေါ် ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) ဦးဆောင်သူ ကိုနွေဦးကတော့ သေဆုံးသူအရေအတွက် ၁၂ ဦးအထိ မြင့်တက်လာပြီး သံဃာတော်တစ်ပါးလည်း ပါဝင်တယ်လို့ ပြောပါတယ်။

တိုက်ခိုက်ခံရချိန်မှာ ဘုန်းကြီးကျောင်းမှာ ဒေသခံတွေ ၁၀ ရက်ကြာ တရားစခန်းဝင်နေကြတာဖြစ်ပြီး ဒီနေ့ဟာ ဝါတွင်းဥပုသ်နေ့လည်း ဖြစ်ပါတယ်။ တရားစခန်း စတင်ကျင်းပတာ လေးရက်ခန့်သာ ရှိသေးပြီး အသက်ကြီးပိုင်း အမျိုးသားတွေ အများအပြား ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးဟာ အမျိုးသားတွေ တရားစခန်းဝင်နေတဲ့ အဆောင်ဘက်ကို တိုက်ရိုက်ကျရောက်ခဲ့တာကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူ များပြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို နီးစပ်ရာ ဆေးခန်းတွေမှာ အရေးပေါ်ကုသပေးနေပြီး ဒဏ်ရာရသူအရေအတွက် အတိအကျကိုတော့ ဒီသတင်းရေးသားချိန်အထိ အတည်မပြုနိုင်သေးပါဘူး။

တိုက်ခိုက်မှုကြောင့် ဓမ္မာရုံအပါအဝင် ဘုန်းကြီးကျောင်းဝင်းထဲက အဆောက်အအုံတွေနဲ့ အနီးအနား လူနေအိမ် ငါးလုံးခန့် ပျက်စီးခဲ့တယ်လို့ မြောင်မြို့နယ် ပအဖဘက်က ပြောပါတယ်။

မြောင်မြို့နယ်မှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ဒီရက်ပိုင်းအတွင်း ဒုတိယအကြိမ် ဖြစ်ပါတယ်။ ဩဂုတ် ၁၉ ရက် ညနေပိုင်းကလည်း ဆွဲလဲအိုကျေးရွာအနီး လှေတင်ဦးကျေးရွာ ကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် စတားလင့်ခ် အင်တာနက်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးနဲ့ အနီးက အထည်ဆိုင်မှာရှိတဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

လှေတင်ဦးတိုက်ခိုက်မှုမှာ ဒဏ်ရာရသူအရေအတွက်နဲ့ပတ်သက်ပြီး ဒေသခံအဖွဲ့တွေရဲ့ စာရင်းတွေ ကွာဟနေပါတယ်။ မြောင်မြို့နယ် ပအဖက ၁၄ ဦး ဒဏ်ရာရတယ်လို့ ပြောထားပြီး ဒေသကာကွယ်ရေးအဖွဲ့ဝင်တချို့ကတော့ ကလေးငယ် ၅ ဦးအပါအဝင် ၁၉ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် အဆောက်အအုံ ခုနစ်လုံးခန့်လည်း ပျက်စီးခဲ့ပါတယ်။

ဒေသခံတွေဟာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပြီး ထိခိုက်ဒဏ်ရာရသူတွေရဲ့ အချက်အလက်ကို တိတိကျကျ စုဆောင်းဖို့ ခက်ခဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

မြောင်မြို့နယ် ပအဖနဲ့ CDSOM ဘက်က ဆွဲလဲအိုနဲ့ လှေတင်ဦးကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေတာ မရှိဘဲ အရပ်သားတွေရှိတဲ့ နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ စွပ်စွဲထားပါတယ်။ အဲဒီပြောဆိုချက်ကို New Day Myanmar က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်အုပ်စုဘက်ကတော့ ဆွဲလဲအိုကျေးရွာနဲ့ လှေတင်ဦးကျေးရွာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဒီသတင်းရေးသားချိန်အထိ တစုံတရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ပြုစုထားတဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီး ငါးနှစ်ကျော်အတွင်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်း အရပ်သား ၅,၉၁၈ ဦးအထိ သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။ ဒီကိန်းဂဏန်းဟာ NUG ဘက်က ထုတ်ပြန်ထားတဲ့ စာရင်းဖြစ်ပြီး New Day Myanmar က သီးခြားအတည်ပြုထားတာ မဟုတ်ပါဘူး။

Related News

Most Read