ဩဂုတ် ၁၆၊ ၂၀၂၆ | New Day Myanmar
စစ်အုပ်စုခေါင်းဆောင်ကနေ သမ္မတရာထူး ရယူထားတဲ့ မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို တရားဝင်ခရီး သွားရောက်မယ်လို့ စစ်အုပ်စုလက်အောက်ခံ သတင်းမီဒီယာတွေက ဒီနေ့ ဩဂုတ် ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ရုရှားသမ္မတရုံးရဲ့ ထုတ်ပြန်ချက်အရ မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို တရားဝင်ခရီးရောက်ရှိနေချိန် ဩဂုတ် ၁၈ ရက်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
တွေ့ဆုံမှုအတွင်း မြန်မာနဲ့ ရုရှား နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ရေးကို အဓိကဆွေးနွေးမယ်လို့ ရုရှားသမ္မတရုံးက ဖော်ပြထားပါတယ်။
မင်းအောင်လှိုင်ဟာ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံခြားခရီးစဉ်တွေ ဆက်တိုက်ပြုလုပ်နေပြီး မေလကုန်က အိန္ဒိယ၊ ဇွန်လအတွင်း တရုတ်၊ ဇူလိုင်လမှာ လာအိုနဲ့ ဩဂုတ် ၆ ရက်က ၇ ရက်အထိ ထိုင်းနိုင်ငံကို တရားဝင်ခရီး သွားရောက်ထားပါတယ်။
အခု ရုရှားခရီးစဉ်ဟာလည်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာမှာ အထီးကျန်မှုတွေ ကြုံခဲ့ရတဲ့ စစ်အုပ်စုက ဒေသတွင်းနဲ့ နိုင်ငံတကာဆက်ဆံရေး ပြန်လည်တိုးချဲ့ဖို့ ကြိုးပမ်းနေချိန်မှာ ဖြစ်ပေါ်လာတာပါ။ Reuters ကလည်း မင်းအောင်လှိုင်ရဲ့ မကြာသေးခင် နိုင်ငံခြားခရီးစဉ်တွေကို စစ်အုပ်စုဘက်က နိုင်ငံတကာတရားဝင်မှုရရှိရေး ကြိုးပမ်းမှုတွေနဲ့ ဆက်စပ်ဖော်ပြထားပါတယ်။
ရုရှားဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာစစ်တပ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ဆက်လက်ထိန်းသိမ်းထားတဲ့ အဓိကနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကြား စစ်ရေး၊ စွမ်းအင်၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးပူးပေါင်းမှုတွေ တိုးချဲ့ဖို့ ဆွေးနွေးမှုတွေ ဆက်ရှိနေပါတယ်။ မြန်မာဘက်ကလည်း ရုရှားနဲ့ စီးပွားရေးဆက်ဆံမှုကို မဟာဗျူဟာမြောက်အဆင့် တိုးမြှင့်ဖို့ ကြိုးပမ်းနေတယ်လို့ စစ်အုပ်စုဘက်က မကြာသေးခင်က ဖော်ပြထားပါတယ်။
ဒါပေမယ့် ဒီနေ့ထုတ်ပြန်ချက်မှာ မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ် ဘယ်နှရက်ကြာမယ်၊ ဘယ်အဆင့်မြင့်တာဝန်ရှိသူတွေ လိုက်ပါမယ်နဲ့ ဘယ်သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးဖို့ ရှိမလဲ ဆိုတာကို အသေးစိတ် မဖော်ပြထားသေးပါဘူး။

