Homeပြည်တွင်းသတင်းဖူးခက်မှာ ထိုင်းလူငယ် ၃ ဦးကို လေသေနတ် နဲ့ ခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့ မြန်မာလူငယ် ၄ ဦး ဖမ်းဆီးခံရ

ဖူးခက်မှာ ထိုင်းလူငယ် ၃ ဦးကို လေသေနတ် နဲ့ ခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့ မြန်မာလူငယ် ၄ ဦး ဖမ်းဆီးခံရ

ဩဂုတ် ၁၄၊ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ၊ ဖူးခက်ခရိုင်မှာ ထိုင်းလူငယ် ၃ ဦးကို မော်တော်ဆိုင်ကယ်တွေနဲ့ လိုက်လံခြိမ်းခြောက်ပြီး BB Gun သေနတ်နဲ့ ခြိမ်းခြောက်တာ၊ ဖုန်းနဲ့ မော်တော်ဆိုင်ကယ်သော့တွေကို ဖျက်ဆီးပစ်ပေါက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံသား လူငယ် ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဖြစ်စဉ်ဟာ ဩဂုတ် ၁၁ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်က ဖူးခက်မြို့နယ်၊ ကင်းကယ်ဝ် Big C ဆိုင်ရှေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ထိုင်းလူငယ် ၃ ဦးကို လူငယ်တစ်စုက သေနတ်နဲ့တူတဲ့ ပစ္စည်းအသုံးပြုပြီး ခြိမ်းခြောက်ကာ ပစ္စည်းတွေ ဖျက်ဆီးပြီးနောက် ထွက်ပြေးသွားတယ်ဆိုတဲ့ တိုင်ကြားချက်ရရှိခဲ့တာပါ။

ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းပြီး ဩဂုတ် ၁၃ ရက် ညနေ ၄ နာရီခွဲခန့်မှာ ကောကယ်ဝ်၊ ချလောင်းနဲ့ ပါတောင်းဒေသတွေကနေ မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၂၁ နှစ်အရွယ် ၃ ဦးနဲ့ အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦး ပါဝင်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးက မော်တော်ဆိုင်ကယ်မောင်းပြီး အသက် ၁၅ နှစ်အရွယ် လူငယ်က နောက်ကလိုက်ပါကာ ထိုင်းလူငယ်တွေကို သေနတ်နဲ့တူတဲ့ ပစ္စည်းနဲ့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်း စစ်ဆေးရာမှာ အဲဒီလက်နက်ဟာ ဓာတ်ငွေ့စနစ်သုံး BB Gun ဖြစ်တယ်လို့ ရဲက ပြောပါတယ်။

အသက် ၁၅ နှစ်အရွယ် လူငယ်က ထိုင်းလူငယ်တစ်ဦးရဲ့ ဖုန်းကို ယူပြီး ပစ်ချဖျက်ဆီးခဲ့သလို မော်တော်ဆိုင်ကယ်သော့ကိုလည်း ရေဆင်းမြောင်းထဲ ပစ်ချခဲ့တယ်လို့ ဝန်ခံထားကြောင်း ရဲဘက်က ဆိုပါတယ်။ ကျန်မြန်မာနိုင်ငံသား ၂ ဦးကလည်း မော်တော်ဆိုင်ကယ်တွေနဲ့ လိုက်လံခြိမ်းခြောက်ခဲ့တယ်လို့ ရဲက ထုတ်ပြန်ထားပါတယ်။

ကနဦးစစ်ဆေးချက်အရ မြန်မာလူငယ် ၄ ဦးဟာ ဖူးခက်မြို့ထဲ လည်ပတ်ဖို့ ရောက်ရှိနေချိန် ထိုင်းလူငယ် ၃ ဦးနဲ့ တစ်ယောက်နဲ့တစ်ယောက် ကြည့်မိရာက မကျေမနပ် ဖြစ်ပေါ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

အဲဒီနောက် မြန်မာလူငယ်တွေက မော်တော်ဆိုင်ကယ်တွေနဲ့ လိုက်လာတာကြောင့် ထိုင်းလူငယ်တွေက ထွက်ပြေးခဲ့ပြီး နောက်ဆုံး မော်တော်ဆိုင်ကယ်ကို ထားခဲ့ကာ အနီးက စတိုးဆိုင်ထဲ ဝင်ရောက်အကူအညီတောင်းခဲ့ပါတယ်။ ဒါပေမယ့် စွပ်စွဲခံရသူတွေက ဆိုင်အနီးအထိ ဆက်လိုက်လာပြီး BB Gun နဲ့ ခြိမ်းခြောက်ကာ ပစ္စည်းတွေ ဖျက်ဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာမှာ အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ မော်တော်ဆိုင်ကယ် ၃ စီး၊ အဝတ်အစားတွေနဲ့ BB Gun တစ်လက် ကို သက်သေအဖြစ် သိမ်းဆည်းထားပါတယ်။

ဖမ်းဆီးခံထားရသူ ၄ ဦးကို တခြားသူတွေ ကြောက်ရွံ့ထိတ်လန့်အောင် ပူးပေါင်းခြိမ်းခြောက်မှုနဲ့ သူတစ်ပါးပစ္စည်း ပူးပေါင်းဖျက်ဆီးမှု စွဲချက်တွေတင်ပြီး ဖူးခက်မြို့ရဲစခန်းမှာ ဥပဒေအရ ဆက်လက်အရေးယူနေတယ်လို့ သိရပါတယ်။

Related News

Most Read