ဩဂုတ် ၁၄၊ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်မှာ ညသန်းခေါင်အချိန် တစ်ယောက်တည်း လမ်းလျှောက်နေတဲ့ အသက် ၁၁ နှစ်အရွယ် မြန်မာကလေးတစ်ဦးကို ဒေသခံက တွေ့ရှိပြီး ရဲစခန်းကို ပို့ဆောင်ပေးခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ကလေးရဲ့ အဖေကို ဆက်လက်ရှာဖွေနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ကလေးကို ဩဂုတ် ၁၄ ရက် မနက် ၁၂ နာရီ ၄၀ မိနစ်ခန့်မှာ မဟာချိုင်ဗီလာအနီး တစ်ယောက်တည်း လမ်းလျှောက်နေတာ တွေ့ရှိခဲ့တာဖြစ်ပြီး ယာဉ်တိုက်မှု ဒါမှမဟုတ် တခြားအန္တရာယ်တွေ ဖြစ်လာနိုင်တာကြောင့် ဒေသခံတစ်ဦးက စမွတ်ဆာခွန်မြို့နယ် ရဲစခန်းကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က ကလေးကို ခေတ္တစောင့်ရှောက်ထားပြီး မိသားစုအကြောင်း မေးမြန်းရာမှာ သူ့အဖေဟာ ငါးရောင်းတဲ့အလုပ် လုပ်ကိုင်သူဖြစ်တယ်လို့ ကလေးက ပြောထားပါတယ်။
ကလေးရဲ့ ပြောဆိုချက်အရ အိမ်မှာ မုန့်တွေ အကုန်စားလိုက်တာကြောင့် အဖေက စိတ်ဆိုးပြီး အိမ်ကနေ နှင်ထုတ်လိုက်တာကြောင့် တစ်ယောက်တည်း လမ်းလျှောက်ထွက်လာခဲ့တာလို့ ဆိုပါတယ်။
ဒါပေမယ့် အဲဒီအချက်ဟာ ကလေးဘက်က ပြောဆိုထားတာသာဖြစ်ပြီး အဖေ ဒါမှမဟုတ် မိသားစုဘက်က ပြောဆိုချက်ကိုတော့ မရရှိသေးပါဘူး။
မနက် ၇ နာရီခန့်မှာ ရဲတပ်ဖွဲ့က ကလေးပေးထားတဲ့ အချက်အလက်တွေအတိုင်း သူ့အဖေကို လိုက်လံရှာဖွေခဲ့ပေမယ့် မတွေ့ရှိခဲ့သေးဘူးလို့ သိရပါတယ်။
ဒီနေ့ ညနေပိုင်းအထိ ထိုင်းသတင်းတွေမှာ ကလေးရဲ့ အဖေကို တွေ့ရှိပြီ ဒါမှမဟုတ် ကလေးကို မိသားစုဆီ ပြန်လည်အပ်နှံနိုင်ပြီဆိုတဲ့ အတည်ပြုချက် မတွေ့ရသေးပါဘူး။
လက်ရှိမှာ ကလေးကို ရဲတပ်ဖွဲ့က ဆက်လက်စောင့်ရှောက်ထားပြီး မိသားစုကို ဆက်သွယ်ရှာဖွေတာနဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

