Homeအထူးသတင်းကိုလံဘီယာငလျင်ကြောင့်သေဆုံးသူ အနည်းဆုံး ၁၃၂ ဦးရှိလာ၊ နိုင်ငံအဆင့် ဘေးအန္တရာယ်အခြေအနေ ကြေညာ

ကိုလံဘီယာငလျင်ကြောင့်သေဆုံးသူ အနည်းဆုံး ၁၃၂ ဦးရှိလာ၊ နိုင်ငံအဆင့် ဘေးအန္တရာယ်အခြေအနေ ကြေညာ

ဩဂုတ် ၁၁၊ ၂၀၂၆ | New Day Myanmar

ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အား ၇.၄ မဂ္ဂနီကျုရှိ ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၁၃၂ ဦးအထိ တိုးလာပြီး ၈၇ ဦးထက်မနည်း ဒဏ်ရာရထားတယ်လို့ ကိုလံဘီယာသမ္မတ Abelardo De la Espriella က ပြောပါတယ်။

ငလျင်ဟာ ဩဂုတ် ၁၀ ရက် ဒေသစံတော်ချိန် မနက် ၇ နာရီ ၃၄ မိနစ်မှာ Chocó ဒေသ၊ San José del Palmar အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) က ငလျင်ရဲ့ မြေအောက်အနက်ကို ၁၀၇ ကီလိုမီတာလို့ သတ်မှတ်ထားပါတယ်။

ကိုလံဘီယာ ဘူမိဗေဒဌာန (SGC) ကတော့ ငလျင်ရဲ့ အနက်ကို ၁၀၃ ကီလိုမီတာခန့်လို့ သတ်မှတ်ထားပြီး ဒီငလျင်ဟာ ၂၁ ရာစုအတွင်း ကိုလံဘီယာမှာ မှတ်တမ်းတင်ခဲ့သမျှ အင်အားအပြင်းဆုံး ငလျင် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ငလျင်ကြောင့် နိုင်ငံတစ်ဝန်း အဆောက်အအုံ ၁,၆၀၀ ခန့် ပျက်စီးခဲ့ပြီး အနည်းဆုံး ၆၁ လုံး လုံးဝပြိုကျခဲ့တယ်လို့ သမ္မတက ပြောပါတယ်။ အပျက်အစီးတွေအောက်မှာ လူတွေ ပိတ်မိနေဆဲဖြစ်တာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်ကျန်ရစ်သူတွေကို ဆက်လက်ရှာဖွေနေပါတယ်။

ထိခိုက်မှုအများဆုံးဒေသတွေထဲမှာ Risaralda၊ Valle del Cauca၊ Caldas၊ Antioquia နဲ့ Chocó တို့ ပါဝင်ပြီး Risaralda ဒေသတစ်ခုတည်းမှာ လူ ၄၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ Cali မှာ အဆောက်အအုံ အနည်းဆုံး ၃၀ ပြိုကျခဲ့ပြီး လူတွေ အပျက်အစီးတွေအောက် ပိတ်မိနေပါတယ်။ မြို့ထဲက ဆေးရုံတစ်ခုလည်း တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့တာကြောင့် လူနာတချို့ ပိတ်မိနေပြီး အခြားကျန်းမာရေးဌာနတချို့ကို အဆောက်အအုံပျက်စီးမှုကြောင့် ပိတ်ထားရသလို လူနာတွေကိုလည်း ရွှေ့ပြောင်းထားရပါတယ်။

Pereira မြို့မှာလည်း နေအိမ်၊ ဆိုင်ခန်းနဲ့ အဆောက်အအုံတွေ အများအပြား ပြိုကျခဲ့ပြီး အနည်းဆုံး အဆောက်အအုံ ၁၅ လုံးထဲမှာ လူတွေ ပိတ်မိနေမှာကို စိုးရိမ်နေရတယ်လို့ မြို့တော်ဝန် Mauricio Salazar က ပြောပါတယ်။

ငလျင်ကြောင့် Pereira၊ Manizales၊ Quibdó၊ Armenia၊ Cartago နဲ့ Buenaventura မြို့တွေက လေဆိပ်တွေ ပျက်စီးမှုရှိ၊ မရှိ စစ်ဆေးနေရတာကြောင့် လေကြောင်းခရီးစဉ်တွေကိုလည်း ယာယီရပ်ဆိုင်းထားပါတယ်။

San José del Palmar အနီး ငလျင်ဗဟိုချက်ကနေ ထွက်ပေါ်လာတဲ့ မြေတုန်ခါမှုကို မြို့တော် Bogotá အပါအဝင် နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ခံစားခဲ့ရသလို အိမ်နီးချင်း အီကွေဒေါနဲ့ ပနားမားနိုင်ငံတွေအထိ ခံစားခဲ့ရပါတယ်။

ကိုလံဘီယာသမ္မတ Abelardo De la Espriella က နိုင်ငံအဆင့် ဘေးအန္တရာယ်အခြေအနေ (state of national disaster) ကို ကြေညာထားပြီး အရေးပေါ်အရင်းအမြစ်တွေကို ထိခိုက်မှုအပြင်းထန်ဆုံးဒေသတွေဆီ ပို့ဆောင်နိုင်ရေး ဆောင်ရွက်နေပါတယ်။ လက်ရှိအချိန်မှာ အစိုးရရဲ့ အဓိကဦးစားပေးဟာ အပျက်အစီးတွေအောက် ပိတ်မိနေသူတွေကို ကယ်တင်ရေးဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

အပျက်အစီးတွေအောက်မှာ လူတွေ ပိတ်မိနေဆဲဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေတဲ့အတွက် သေဆုံးသူနဲ့ ဒဏ်ရာရသူအရေအတွက်ဟာ ထပ်မံတိုးလာနိုင်ပါတယ်။

Related News

Most Read