ဩဂုတ် ၈၊ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံ လွိုင်ကော်ကက်သလစ်သာသနာပိုင် ဆရာတော် Celso ဘရွှေ နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်ကက်သလစ်သာသနာပိုင် ဆရာတော် Peter Suphot Roeksujarit တို့ ဩဂုတ် ၃ ရက်က ချင်းမိုင်မြို့မှာ တွေ့ဆုံပြီး ထိုင်း–မြန်မာနယ်စပ်တစ်လျှောက်ရှိ စစ်ဘေးရှောင်နဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဘာသာရေးနဲ့ လူသားချင်းစာနာမှုအကူအညီ ဆက်လက်ပေးအပ်ဖို့ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို အတည်ပြုခဲ့ကြပါတယ်။
ဆရာတော် Celso ဘရွှေ ဟာ Father Marko Phe Bya နဲ့အတူ ချင်းမိုင် Catholic Mission ကို သွားရောက်ခဲ့ပြီး အသစ်တာဝန်ယူထားတဲ့ ဆရာတော် Peter Suphot Roeksujarit ကို ဂုဏ်ပြုနှုတ်ဆက်ရင်း လွိုင်ကော်နဲ့ ချင်းမိုင်သာသနာနယ်နှစ်ခုကြား နယ်စပ်ဖြတ်ကျော် ကူညီရေးပူးပေါင်းမှုကို ဆက်လက်ခိုင်မာအောင်လုပ်ဖို့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ကရင်နဲ့ ကရင်နီတိုင်းရင်းသား အများစုအပါအဝင် လူထောင်နဲ့ချီဟာ ထိုင်းနယ်စပ်တစ်လျှောက် ခိုလှုံနေကြရပြီး ထိုင်းကက်သလစ်ဆရာတော်များညီလာခံနဲ့ လွိုင်ကော်သာသနာနယ်တို့က ဘာသာရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ဆက်လက်ပေးနေတယ်လို့ Herald Malaysia က ဖော်ပြပါတယ်။
မယ်ဟောင်ဆောင်ပြည်နယ်က Ban Mai Nai Soi (Camp 1) နဲ့ Ban Mae Surin (Camp 2) လို စစ်ဘေးရှောင်စခန်းတွေမှာ ကက်သလစ်ဘာသာဝင်အများအပြား ရှိတာကြောင့် မြန်မာဘက်က ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေကို စခန်းအတွင်း ဘာသာရေးဝန်ဆောင်မှုပေးဖို့ စေလွှတ်ထားပါတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးနဲ့ လုံခြုံရေးစည်းမျဉ်းတွေကြောင့် ဘုန်းတော်ကြီးတချို့ဟာ စခန်းအတွင်း အမြဲနေထိုင်ခွင့်မရဘဲ မယ်ဟောင်ဆောင်မြို့ကနေ နေ့စဉ် တောင်တန်းလမ်းကြမ်းတွေကို ဖြတ်ပြီး သွားလာနေရတယ်လို့ ဆိုပါတယ်။
လူသားချင်းစာနာမှုအကူအညီအနေနဲ့ Catholic Office for Emergency Relief and Refugees (COERR) က ထိုင်း–မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်စခန်း ၉ ခုလုံးမှာ လုပ်ငန်းတွေ ဆောင်ရွက်နေပြီး စိုက်ပျိုးရေးသင်တန်းနဲ့ ထိခိုက်လွယ်သူတွေအတွက် အထူးကူညီမှုတွေ ပေးနေပါတယ်။ Jesuit Refugee Service (JRS) ကလည်း စိတ်ဒဏ်ရာဆိုင်ရာ အကြံပေးမှု၊ မိသားစုနဲ့ လူမှုအသိုင်းအဝိုင်း ပြန်လည်ယုံကြည်မှုတည်ဆောက်ရေးနဲ့ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အစီအစဉ်တွေ လုပ်ဆောင်နေပါတယ်။
မြန်မာဘက်မှာ တိုက်ပွဲပြင်းထန်လာပြီး လူတွေ ထိုင်းဘက်ကို ထပ်မံထွက်ပြေးလာတဲ့အခါ St. Genoveva Parish နဲ့ Caritas Thailand အပါအဝင် ကက်သလစ်အဖွဲ့တွေက သောက်သုံးရေ၊ ဆန်၊ ဆေးဝါးနဲ့ အရေးပေါ်အသုံးအဆောင်တွေကို ယာဉ်တွေနဲ့ သယ်ဆောင်ကာ ယာယီခိုလှုံရာနေရာတွေဆီ ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။ မိုးရာသီအတွင်း ငှက်ဖျားလို ရောဂါအန္တရာယ်တွေကိုလည်း နယ်စပ်အုပ်ချုပ်ရေးနဲ့ ဒေသခံကျန်းမာရေးအဖွဲ့တွေနဲ့ ပူးပေါင်းစောင့်ကြည့်နေပါတယ်။
နယ်စပ်စစ်ဘေးရှောင်လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ ကလေးသူငယ်တွေဖြစ်တာကြောင့် ကလေးကာကွယ်ရေးနဲ့ ပညာရေးကို အထူးဦးစားပေးထားပြီး မိဘမဲ့နဲ့ ထိခိုက်လွယ်ကလေးတွေအတွက် နေထိုင်ရာအိမ်တွေ၊ ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ ဒစ်ဂျစ်တယ်အသိပညာသင်တန်းတွေကိုလည်း ပံ့ပိုးပေးနေပါတယ်။
ဆရာတော်နှစ်ပါးရဲ့ တွေ့ဆုံမှုက ချင်းမိုင်သာသနာနယ်နဲ့ လွိုင်ကော်သာသနာနယ်တို့အကြား နယ်စပ်ဒေသ စစ်ဘေးရှောင်တွေအတွက် ဘာသာရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးကို ဆက်လက်ပူးပေါင်းမယ်ဆိုတဲ့ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့တာဖြစ်ပါတယ်။

