၂၉ ဇူလိုင် ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မိဘတွေနဲ့အတူ နေထိုင်တဲ့ အသက် ၁၅ နှစ်အရွယ် မြန်မာကျောင်းသား မောင်စွမ်းပြည့်ပိုင်စိုး ပျောက်ဆုံးသွားခဲ့ပြီးနောက် လော့ဘူရီမြို့မှာ ဘေးကင်းစွာ ပြန်လည်တွေ့ရှိခဲ့ပြီလို့ မိသားစုဝင်တွေက အသိပေးထားပါတယ်။
မောင်စွမ်းပြည့်ပိုင်စိုးဟာ ဇူလိုင် ၂၈ ရက် မနက်ပိုင်းမှာ ချင်းမိုင်မြို့ရှိ နေအိမ်ကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး လက်ရှိမှာ မိသားစုဝင်တွေက လော့ဘူရီရဲစခန်းမှာ သွားရောက်ခေါ်ယူနေပြီလို့ သိရပါတယ်။
မောင်စွမ်းပြည့်ပိုင်စိုးဟာ မိဘတွေနဲ့ စကားပြောဆိုခွင့်ရရှိပြီဖြစ်ပြီး မိသားစုက ဘန်ကောက်မြို့ကို ပြန်လည်ခေါ်ဆောင်ဖို့ စီစဉ်နေတယ်လို့ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
မောင်စွမ်းပြည့်ပိုင်စိုးရဲ့ မိခင်ဖြစ်သူကတော့ မောင်စွမ်းပြည့်ပိုင်စိုးဟာ Telegram ကနေတဆင့် သွေးဆောင်ဖျားယောင်းခံခဲ့ရပြီး မိဘတွေနဲ့ သဘောထားကွဲအောင် လှုံ့ဆော်ခံခဲ့ရတယ်လို့ ပြောပါတယ်။ အိမ်မှာရှိတဲ့ ငွေသားနဲ့ ရွှေတွေကိုပါ ယူဆောင်လာဖို့ ခိုင်းစေခံခဲ့ရတယ်လို့ မိခင်က ဆိုပါတယ်။
“သူတို့ တရက်တည်းနဲ့ ဘတ်တသိန်းကျော် ယူသွားပါပြီ။ တရက်တည်း ကလေးတယောက်က ဘတ်တသိန်းကျော် ဘယ်လိုသုံးနိုင်မလဲ။ ဒီပိုက်ဆံကုန်သွားတဲ့အချိန် ကျွန်မကလေး ဘာဖြစ်သွားမလဲ မတွေးရဲစရာပါ။ အခုတော့ ကလေးကို ဘေးမသီရန်မခ ပြန်တွေ့ရတာကို ကျေးဇူးတင်လှပါပြီ” လို့ မိခင်ဖြစ်သူက ရေးသားထားပါတယ်။
လော့ဘူရီရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်အရ ကလေးယူဆောင်သွားတဲ့ ငွေသားနဲ့ ရွှေတွေထဲက ဘတ် ၁၄,၀၀၀ သာ ကျန်ရှိတော့တယ်လို့ မိသားစုက အသိပေးထားပါတယ်။
မောင်စွမ်းပြည့်ပိုင်စိုးဟာ ဇူလိုင် ၂၈ ရက် မနက် ၉ နာရီ ၃၆ မိနစ်ခန့်မှာ Chiang Mai Bus Terminal ကနေ တခြားမြို့တမြို့ဆီ ထွက်ခွာသွားခဲ့တာပါ။
မောင်စွမ်းပြည့်ပိုင်စိုးပျောက်ဆုံးပြီးနောက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ သွေးဆောင်ခေါ်ယူမှုခံရမှာကို မိသားစုက စိုးရိမ်ပြီး ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းကာ အရေးပေါ်လိုက်လံရှာဖွေခဲ့ကြပါတယ်။
မောင်စွမ်းပြည့်ပိုင်စိုးကို ဘယ်လိုနေရာမှာ စတင်တွေ့ရှိခဲ့သလဲ၊ ဘယ်သူတွေနဲ့ အဆက်အသွယ်လုပ်ခဲ့သလဲ၊ ယူဆောင်သွားတဲ့ ငွေသားနဲ့ ရွှေတွေ ဘယ်လိုပျောက်ဆုံးခဲ့သလဲဆိုတာကိုတော့ ရဲတပ်ဖွဲ့က အသေးစိတ် ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
Telegram ကနေ သွေးဆောင်ဖျားယောင်းခံရတယ်ဆိုတဲ့ မိသားစုရဲ့ ပြောဆိုချက်နဲ့ ဒီဖြစ်စဉ်မှာ တခြားသူတွေ ပါဝင်ပတ်သက်မှုရှိ၊ မရှိကို ထိုင်းရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းဖော်ထုတ်ဖို့ လိုအပ်နေပါတယ်။


